ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ ရှားပါးသည့် ကျေးရွာများသို့ ရေလှူဒါန်း

ညောင်ဦး  ၁ ဇန်နဝါရီ   

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ ရှားပါးမှုအခက်အခဲများနှင့် ကြုံတွေ့နေရသည့် မန်ကျည်းတန်းကျေးရွာနှင့် ကျားခုတ်တဲတိုက်ကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ သောက်သုံးရေများ လှူဒါန်းခြင်းကို ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းမှ သွားရောက်လှူဒါန်းခြင်းဖြစ်ပြီး မန်ကျည်းတန်းကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလံ ၁၅၀၀၊ ကျားခုတ်တဲတိုက်ရှိ ဒေသခံပြည်သူများအတွက် ရေဂါလံ ၁၅၀၀ စုစုပေါင်း ရေဂါလံ ၃၀၀၀ တို့ကို ဒေသခံပြည်သူများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ခရီးသွားပြည်သူများ နားခိုသည့် ညောင်ဦး-ကျောက်ပန်းတောင်းသွား ကားလမ်းဘေးရှိ ဂတုန်းရေချမ်းစင်အတွက် ခရီးသွားပြည်သူများ နားခိုရာ၌ သောက်သုံးရေ အဆင်ပြေစေရေး ရေဂါလံ ၁၅၀၀ ကိုလည်း သွားရောက်လှူ ဒါန်းပေးခဲ့ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင်(ညောင်ဦး)