ညောင်ဦးမြို့နယ်၌ ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း၆၀ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိ

ညောင်ဦး    ၂၅ မေ

 

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိသည့် အခြေခံပညာကျောင်းပေါင်း(၆၀)ခန့် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း ညောင်ဦး မြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

 

ညောင်ဦးမြို့နယ်၌ ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့သည့် ကျောင်းများမှာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ အခြေခံပညာအထက်တန်းကျောင်းအဆင့်(၃)ကျောင်း၊ အခြေခံပညာအလယ် တန်းကျောင်းမှ အခြေခံပညာအထက်တန်းကျောင်းခွဲအဆင့် (၁၅)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ အခြေခံ ပညာအလယ်တန်းကျောင်းအဆင့် (၁၈)ကျောင်း၊ အခြေခံပညာမူလွန်ကျောင်းမှ အခြေခံပညာ အလယ်တန်းကျောင်းခွဲအဆင့် (၁၂)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းမှ အခြေခံပညာ မူလွန်ကျောင်းအဆင့်(၁၁)ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်းခွဲမှ အခြေခံပညာ မူလတန်းကျောင်းအဆင့် (၁)ကျောင်း  စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း ၆၀ အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်းသိရသည်။

 

ထို့အပြင် ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ် ကျောင်းအပ်နှံရေး နေ့အဖြစ် မေ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ် လက်ခံခြင်းများ စတင်ဆောင်ရွက် ပေးနေပြီဖြစ်ကြောင်းနှင့် ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပညာ သင်ကြားနိုင်ရေးအတွက် ကျောင်းအပ်လက်ခံရာတွင် အခမဲ့ကျောင်းအပ် လက်ခံခြင်းစနစ်ဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး KGတန်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ကျောင်းပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ် များကို ထောက်ပံ့ပေးခြင်း၊ အခြေခံပညာမူလတန်းလွန်မှ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းပုံနှိပ်စာအုပ်များ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

 

 ရဲဝင်းနိုင် (ညောင်ဦး)