ညောင်ဦးမြို့တွင် မြို့နယ်အဆင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပ

ညောင်ဦး ၁၁ ဒီဇင်ဘာ     

ပြည်သူများ ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက အန္တရာယ်ကင်းစွာ ရှောင်ရှားနိုင်စေရန်နှင့် ငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက ညောင်ဦးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ ဘောလုံးကွင်း၌ မြို့နယ်အဆင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲအခမ်းအနား ကျင်းပခဲ့သည်။ 

အခမ်းအနားတွင် ညောင်ဦးခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်က ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပရခြင်းအကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ 

၎င်းနောက် ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်မီးလောင်မှုအား မီးငြှိမ်းသတ်ပစ္စည်းများ အသုံးပြု၍ စနစ်တကျ မီးငြှိမ်းသတ်ခြင်း၊ မော်တော်ယာဉ်ထဲရှိ ထိခိုက်ဒဏ်ရာရ လူနာများအား ကယ်ဆယ်ရေး ပစ္စည်းများဖြင့် ရှာဖွေကူညီကယ်ဆယ်ခြင်း၊ အဆောက်အဦရှေ့ မြေပြင်ပေါ်ရှိ လူနာများအား ရှာဖွေကယ်ဆယ်ခြင်း၊ ကျောက်ပြားပိလူနာများ ရှာဖွေကယ်ဆယ်ခြင်း၊ ပြိုကျပျက်စီးနေသော အထပ်မြင့်အဆောက်အဦအတွင်းရှိ လူနာများအား ရှာဖွေကယ်ဆယ်ခြင်း၊ အဆောက်အဦနှင့် မော်တော်ယာဉ် အပျက်အစီးများအား ရှင်းလင်းခြင်း၊ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ဆေးရုံဆေးခန်းသို့ လူနာတင်ယာဉ်ဖြင့် အချိန်မီ ပို့ဆောင်ပေးခြင်း စသည့် သဘာဝဘေးအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို လက်တွေ့ဇာတ်တိုက်လေ့ကျင့် ပညာပေးသရုပ်ပြသဆောင်ရွက်ရာ တက်ရောက်လာကြသူများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုကြပြီး ပညာပေးသရုပ်ပြပွဲတွင် အားပါးတရ ပါဝင်ဆင်နွှဲ လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။ 

အဆိုပါ အခမ်းအနားသို့ ညောင်ဦးခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲမျာ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ညောင်ဦးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား ၂၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)