ညီညွတ်မှုစွမ်းအားဖြင့် ပန်းတိုင်သို့တက်လှမ်း

၁၂ ဇူလိုင်

 

 

မြန်မာနိုင်ငံသည် ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ရေးစနစ်ကြောင့် ကျွန်ဖြစ်ခဲ့ရသည်။ တောင်ပေါ်မြေပြန့် တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲပြားခဲ့ရသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် တစ်တိုင်းပြည် လုံးစည်းလုံးညီညွတ်ရေးသည် အရေးကြီးသည်။ ပြင်ပ(နယ်ချဲ့) ပယောဂမပါဘဲ တိုင်းရင်းသားလူမျိုးစုများ တွေ့ဆုံဆွေးနွေးနိုင်လျှင် မည်သည့်အခက်အခဲမျိုးကိုမဆို ကျော်လွှားနိုင်ပြီး တိုင်းရင်းသား ပြည်သူအားလုံး စည်းလုံးညီညွတ်မှု ရရှိလာမည်ဟု ၁၃-၁-၁၉၄၇ ရက်နေ့က အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုရန် လန်ဒန်မြို့သို့ ရောက်ရှိစဉ် ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်။ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရေးအတွက် တိုင်းရင်းသား လူမျိုးစုများ ညီညီညွတ်ညွတ် တွေ့ဆုံဆွေးနွေးနိုင်ရေးကို ညွှန်းဆိုခဲ့သည်။

 

 

ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ကြိုးပမ်းမှုဖြင့် (၂၀)ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တည်ဆောက်ပြီး လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်။ နိုင်ငံလွတ်လပ်ရေး ရရှိခဲ့သော်လည်း သွေးကွဲခြင်းကိုဖြစ်စေသည့် ဆိုးမွေများကြောင့် လွတ်လပ်ရေးရရှိပြီးချိန်မှ ယနေ့ထက်တိုင် ငြိမ်းချမ်းခြင်းနှင့် အလှမ်းဝေးနေရသည်။ နယ်စပ်ဒေသ တိုင်းရင်းသားနယ်မြေအချို့တွင် လက်နက်ကိုင်ပဋိပက္ခများနှင့် ကြုံတွေ့ နေရသည်မှာ နှစ်ပေါင်း ၇၀ကျော်ပြီဖြစ်သည်။ ယင်းပြဿနာကို အစိုးရ အဆက်ဆက် ဖြေရှင်းလာခဲ့ကြရာ မျက်မှောက်ကာလတွင် ငြိမ်းချမ်းရေး ရောင်ခြည်လင်းလက်လာသည်ကို မြင်တွေ့ရပြီဖြစ်သည်။

 

 

ယနေ့ တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တ မျှော်လင့်နေသည့် ထာဝရငြိမ်းချမ်းရေး ရရှိရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် နေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ အစည်းအဝေးကို သုံးကြိမ်ကျင်းပနိုင်ခဲ့သည်။ယခု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကြီးကို ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်အထိ ခမ်းခမ်းနားနား သိုက်သိုက်ဝန်းဝန်း ကျင်းပနေပြီဖြစ်သည်။

 

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဒီကနေ့ ဒီအချိန်မှာ အားလုံးသိတဲ့အတိုင်း နိုင်ငံတကာနဲ့ ဒေသတွင်း ဆက်ဆံရေးအခြေအနေတွေအရ ကျွန်မတို့နိုင်ငံအနေနဲ့ ကျွန်မတို့ ပြည်ထောင်စုသား တိုင်းရင်းသားတွေအားလုံး စုစည်းညီညွတ်ပေါင်းစည်းနိုင်ကြတယ်ဆိုတာ ပြသနိုင်ဖို့ အထူးပဲ အရေးကြီးနေပါပြီ။ ဒါဟာပစ္စုပ္ပန်ရဲ့လိုအပ်ချက်၊ သမိုင်းရဲ့ တောင်းဆိုချက်၊ အနာဂတ်အတွက် ပြင်ဆင်ချက်လည်း ဖြစ်နေပါပြီ။ ခေါင်းဆောင်များ အားလုံးပဲ တွေးဆမြင်ယောင် ကြည့်ကြပါ။ အိမ်ထောင်စုတစ်စု မညီမညွတ်၊ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်၊ အိမ်သားအချင်းချင်းရန်ဖြစ်စကားများ ပဋိပက္ခတွေဖြစ်ပွားပြီး ဆူဆူညံညံဖြစ်နေတဲ့ အနေအထားမျိုးနဲ့ ကျွန်မတို့ ပြည်ထောင်စုကြီးက သံသရာလည်လာခဲ့တာ နှစ်ပေါင်း (၇၀) ကျော်တဲ့အထိ ကြာမြင့်နေပါပြီ။ ဒီအနေအထားကို အပြင်ကဘယ်သူကမှလာပြီး ပြုပြင်ပေးလို့ မရပါဘူး။ ဒီပြည်ထောင်စု ကြီးထဲမှာ အေးအတူပူအမျှ အတူတကွ နေထိုင်နေကြတဲ့ ကျွန်မတို့ကိုယ်တိုင်က ပြုပြင်ပြောင်းလဲနိုင်မှ ရနိုင်မှာပါ။ ဒီအခွင့်အရေးဟာ ဒီကနေ့ ဒီခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ အင်အားစုအသီးသီးက ခေါင်းဆောင်တွေရဲ့လက်ဝယ်မှာ ရှိနေပါတယ်။ ကျွန်မတို့ရဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် အနာဂတ်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို ညီညီညွတ်ညွတ်နဲ့ ထုဆစ်ပုံဖော်ဖို့ သမိုင်းပေးတာဝန်ဟာ ကျွန်မတို့အားလုံးရဲ့ ပခုံးပေါ်မှာရောက်ရှိ နေပါပြီ” ဟု ပြောကြားခဲ့သည်။

 

 

သို့ဖြစ်ရာကျင်းပနေသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး နေကြသည့် အင်အားစုအသီးသီးမှ ခေါင်းဆောင်များ၏လက်ဝယ်တွင် အခွင့် အလမ်းကောင်းများ ရှိနေသည်မှာ သေချာပါသည်။ တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တ မျှော်လင့်နေကြသည့် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေး အတွက် ယုံကြည်မှုများတည်ဆောက်၍ ညီညီညွတ်ညွတ် ပုံဖော်ထုဆစ် ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

 

 

ကြေးမုံ