နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ပင်စင်စားများအား နေ့အလိုက်ထုတ်ပေး

နတ်မောက် ၊ ၂၁ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယနေ့နံနက် ၇ နာရီမှစတင်၍ လူစုလူဝေး မဖြစ်ပေါ်စေရေး ထုတ်ပေးလျက်ရှိသည်။

 

ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင်လာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်   စနစ်တကျရှိစေရန် သုံးပေအကွာစည်းများ ပြုလုပ်‌ပေးထားခြင်း၊ လက်ဆေးဘေစင်များ ပြုလုပ်ထားခြင်းများကို နတ်မောက်မြို့နယ် မြန်မာ့စီးပွား‌ရေးဘဏ်မှ စီမံဆောင်ရွက်ထားသည်။

 

ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ဇန်နဝါရီ ၂၁ ရက်မှ ၂၅ ရက်အထိ နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိလည်းကောင်း၊ ဇန်နဝါရီ ၂၆ ရက်တွင် နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိလည်းကောင်း၊ ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား‌ နေ့စဉ်ပုံမှန် ထုတ်ပေးလျက်ရှိသည်။

 

ထို့ပြင် သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော အငြိမ်းစားများအား ဖေဖော်ဝါရီ လဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ပင်စင်များကို ထုတ်ပေးမည်ဖြစ်ပြီး နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ ၁၆၀ဝ ခန့်ရှိကြောင်း သိရသည်။

 

သင်းသင်းဝေ(နတ်မောက်)