နတ်မဟုတ်ကလေးကျေးရွာနေ ညီအစ်မနှစ်ဦးအား သတ်ခဲ့သူကို ဖမ်းမိ

အင်းတော် ၂၁ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာအနီး တောအတွင်း ၈ တန်းကျောင်းသူနှင့် ၁၀ တန်းကျောင်းသူ ညီအစ်မနှစ်ဦးအား သတ်ခဲ့သူကို ဖမ်းမိခဲ့ကြောင်း သိရသည်။

 

ဇူလိုင် ၁၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာနှင့် ၄ ဖာလုံခန့်အကွာ တောစပ်နေရာတွင် နတ်မဟုတ်ကလေးကျေးရွာနေ ၈ တန်းကျောင်းသူ မသွယ်သွယ်ဟိန်းနှင့် ၁၀ တန်းကျောင်းသူ မနီလာစိုးတို့နှစ်ဦးမှာ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးဖြစ်စဉ်မှ ကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ကသာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်သောင်း အနီးကပ်ကြီးကြပ်၍ ကသာခရိုင် မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့မှ ရဲအုပ်သက်နိုင်ဦး ဦးစီးသောအဖွဲ့၊ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဆွေအေး ဦးစီးသောအဖွဲ့သည် သက်သေများနှင့်အတူ အင်းတော်မြို့နယ် နတ်မဟုတ်ကလေးကျေးရွာနေ သန်းထွန်း (ခ) အံထော်အား မသင်္ကာ၍ ခေါ်ယူစစ်ဆေးခဲ့ရာ ရွာအနီးလယ်ကွင်းတောစပ်နေရာတွင် ထင်းသယ်ယူသည့်ကိစ္စနှင့် ပတ်သက်ပြီး ညီအစ်မနှစ်ဦးဖြင့် စကားများရန်ဖြစ်ကြကြောင်း၊ ၎င်းတွင် အသင့်ပါလာသော အရိုးအသွား (၁၂)လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ညီအစ်မနှစ်ဦးစလုံး မသေမချင်း ထိုးသတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အင်းတော်မြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

လူသတ်မှုကျူးလွန်ခဲ့သူ အင်းတော်မြို့နယ်၊ နတ်မကလေးကျေးရွာနေ သန်းထွန်း (ခ) အံထော်သည် မူးယစ်မှုဖြင့် ထောင်(၁၂)နှစ် ကျခံနေသူဖြစ်ပြီး မကြာမီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။

 

လူအောင်(ကသာ)