နျူကလီးယားဆွေးနွေးပွဲများတွင် တိုးတက်မှုများရှိကြောင်း အီရန်ပြောကြား

ဒိုဟာ ဖေဖော်ဝါရီ ၂၃

 

ယခုလက်ရှိကျင်းပလျက်ရှိသော နျူကလီးယားအရေး ဆွေးနွေးပွဲများတွင် တိုးတက်မှုများရှိနေပြီး အမေရိကန်ဘက်မှ အရေးယူပိတ်ဆို့မှုများအားလုံးကို ရုပ်သိမ်းရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အီရန်သမ္မတ အီဘရာဟင်ရိုင်စီက ပြောကြားခဲ့သည်။

 

ကာတာနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပရေးအတွက် သွားရောက်သော အလည်အပတ် ခရီးတွင် ရိုင်စီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးပွဲအား ယူကရိန်းအရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲအတွင်း ရိုင်စီက အမေရိကန်၏ ပိတ်ဆို့မှုများကြောင့် အီရန်၏ စီးပွားရေးထိခိုက်ခဲ့ရကြောင်း ကာတာစော်ဘွား ရှိတ်တာမင်အား ပြောကြားခဲ့သည်။

 

အမေရိကန်သမ္မတဟောင်း ထရမ့်လက်ထက် တွင် အမေရိကန်သည် အီရန်၏ နျူကလီးယားအရေး ဆောင်ရွက်ချက် များအား မဟန့်တားနိုင်ဟူသော အကြောင်းပြချက်ဖြင့် ၂၀၁၅ နျူကလီးယားသဘော တူညီချက်မှ နုတ်ထွက်ခဲ့သည်။ နျူကလီးယားအရေး ဆွေးနွေးမှုများကို လအတန်ကြာ ကျင်းပခဲ့အပြီး လက်ရှိအချိန်တွင် သဘောတူညီချက်ရရှိရန် နီးစပ် လာခဲ့သည်။ လက်ရှိကျင်းပနေသော နျူကလီးယား ဆွေးနွေးပွဲများအတွင်း တိုးတက်မှုများရှိခဲ့သော်လည်း ခက်ခဲသော အပိုင်းများကို ဖြေရှင်းရဦးမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား - စီဂျီတီအင်န်၊

ဘာသာပြန် - စိုးသူရ