နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ဘားအံ)၌ သင်တန်းဖွင့်ပွဲ ကျင်းပ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ဘားအံ  ၈   ဇူလိုင် 

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Bridge Asia Japan ( BAJ ) တို့ ပူးပေါင်း၍ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၁၀)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၀)၊ မော်တော်ယာဉ်/စက်ပြင် သင်တန်း အမှတ်စဉ်(၉)နှင့် ဂဟေသင်တန်းအမှတ်စဉ်(၈) သင်တန်းများဖွင့်ပွဲကို ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းက နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ) သင်တန်းခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းထိုက်က သင်တန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြကာ  ဘီအေဂျေ ဘားအံမှ အစီအစဉ်မန်နေဂျာ Mr.Hiroshi SUDO က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ 

 

အဆိုပါသင်တန်းကျောင်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပုံမှန်ပညာရေးကို သင်ကြားခွင့်မရခဲ့သည့် ဒေသခံလူငယ်များကို အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးပြီး ဆက်စပ်သည့် အလုပ်အကိုင်များရရှိ လုပ်ကိုင်နိုင်စေရန်နှင့် သင်ကြားပေးသည့်ပညာရပ်ကိုအသုံးပြု၍ ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ပြီး ဒေသတွင်း စီးပွားရေးနှင့် နည်းပညာတိုးတက်ရေးကို ရည်ရွယ်ကြောင်း၊ ယနေ့ထိ သင်တန်းသားစုစုပေါင်း ၇၇၂ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အလုပ်အကိုင်ရရှိမှု ၈၂ ရာခိုင်နှုန်းခန့် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

ယနေ့ဖွင့်လှစ်သည့် သင်တန်းများတွင် ဆောက်လုပ်ရေး ၂၀ ဦး၊ လျှပ်စစ် ၂၀ ဦး၊ ဂဟေ ၂၀ ဦးနှင့် မော်တော်ယာဉ်/စက်ပြင် ၃၀ ဦး စုစုပေါင်းသင်တန်းသား ၉၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၂၂ ပတ် ကြာမြင့်မည်ဖြစ်ကာ ကျွမ်းကျင်မှုရရှိစေရန်အတွက် စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိပြီး နေထိုင်စားသောက်စရိတ်နှင့် သင်ထောက်ကူ အခမဲ့သင်တန်းဖြစ်ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း (ပြန်/ဆက်)

 

2.jp