နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည် 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် 
နိုင်ငံတော်သမ္မတရုံး 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က 
(၇၂) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၀ ရက် 

ချစ်ကြည်လေးစားအပ်ပါသော ကချင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား-

ယနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့သည် ကချင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ နေ့ထူးနေ့မြတ်ဖြစ်သော (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် ကချင်တိုင်းရင်းသားမျိုးနွယ်စုများနှင့်တကွ ကချင်ပြည်နယ်အတွင်းရှိ  တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ဗြိတိသျှကိုလိုနီနယ်ချဲ့တို့သည် တောင်တန်းနှင့် ပြည်မဒေသကိုခွဲခြား၍ တိုင်းရင်းသားအချင်းချင်းကြား သွေးခွဲ အုပ်ချုပ်ခဲ့ကြပါသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီး အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် သည့် ဖဆပလအဖွဲ့ချုပ်က လွတ်လပ်ရေးတောင်းဆိုခဲ့ရာ ကိုလိုနီနယ်ချဲ့တို့က တောင်တန်းဒေသများကို ချန်လှပ်ထားရန် သို့သော် အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် တောင်တန်းဒေသများအပါအဝင် တစ်နိုင်ငံလုံး အတူတကွ လွတ်လပ်ရေးရယူလိုကြောင်း သဘောတူညီမှုရရှိအောင်တောင်တန်းဒေသများမှ ခေါင်းဆောင်များနှင့် ရှမ်းပြည်နယ် ပင်လုံမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြရာ ကချင်တိုင်းရင်းသားခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပါသည်။ ပင်လုံ ဆွေးနွေးပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့မှုကြောင့် ပြည်မ၊ တောင်တန်းမခွဲခြားဘဲ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရရှိခဲ့ပါသည်။

(၇၂)နှစ် ပြည့်မြောက်ခဲ့ပြီ

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ကချင်ပြည်နယ်ကောင်စီညီလာခံ၏ ပထမဆုံးအစည်းအဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဂုဏ်ပြုသည့်အနေဖြင့် ဇန်နဝါရီလ (၁၀)ရက်နေ့ကို "ကချင်ပြည်နယ်နေ့" အဖြစ် သတ်မှတ်ခဲ့ပါသည်။ ထိုအချိန်မှ စ၍ ကချင်ပြည်နယ်နေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၇၂)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

ကချင်ပြည်နယ်သည် ဂျိန်းဖော့၊ ရဝမ်၊ လီဆူ၊ လာချိတ်၊ လော်ဝေါ်၊ ဇိုင်ဝါး စသည့် ကချင် မျိုးနွယ်စုများ၊ တိုင်းလေ၊ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခန္တီး စသည့် ရှမ်းမျိုးနွယ်စုများ၊ ဗမာတိုင်းရင်းသားမျိုးနွယ်စုများနှင့် အခြား တိုင်းရင်းသားမျိုးနွယ်စုအပါအဝင် စုစုပေါင်း လူဦးရေ ၁၇ သိန်းခန့် အတူတကွ ချစ်ကြည်ရင်းနှီးစွာ စုပေါင်းနေထိုင်ကြသည့် ပြည်နယ်တစ်ခု ဖြစ်ပါသည်။

ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး အမြန်ဆုံးရရှိရန် ကချင်ပြည်နယ်သည် အဖိုးတန်သဘာဝသယံဇာတများဖြစ်သည့် ရွှေ၊ ကျောက်စိမ်း၊ ပယင်း စသည့် အဖိုးတန်သယံဇာတများ ပေါများကြွယ်ဝသကဲ့သို့ အလွန်သာယာလှပသည့် သဘာဝပတ်ဝန်းကျင်ကောင်းများကို ပိုင်ဆိုင်ထားပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီး စတင်မြစ်ဖျားခံရာ ဒေသတစ်ခုလည်းဖြစ်ပါသည်။ ယခုကဲ့သို့ သာယာလှပပြီး သယံဇာတများပေါကြွယ်ဝသည့် ကချင်ပြည်နယ်သည်လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်နယ်၏ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက် နိုင်မှုမရှိသေးပါ။ နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူ အပေါင်းတို့သည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအမြန်ဆုံးရရှိရန် အလွန်တောင့်တ လျက်ရှိကြမည်ဟု ယုံကြည်ပါသည်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အစဉ်တစိုက်တောင်းဆိုခဲ့ကြပြီး အလှမ်းဝေးခဲ့ရသော နိုင်ငံရေးဆွေးနွေးပွဲများမှာ ယနေ့အချိန်အခါတွင် သမိုင်းတစ်လျှောက် ကြုံတောင့်ကြုံခဲ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ပြီးဖြစ်ပါသည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ညှိနှိုင်းဖြေရှင်းပြီး စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးအတွက် သမိုင်းဝင်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံအစည်းအဝေးများကို ကျင်းပလျက်ရှိရာ တတိယအစည်းအဝေးအထိအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ ဘုံသဘောတူညီ ချက် (၅၁) ချက်ကိုလည်း ရရှိထားပြီးဖြစ်ပါသည်။ 

ဥမကွဲသိုက်မပျက် ထာဝစဉ်ပူးပေါင်းလက်တွဲဆောင်ရွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံညီလာခံ အစည်းအဝေးများက ရရှိထားသည့် ရရှိလာမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ ဘုံသဘောတူညီချက်များအရ တိုင်းရင်းသားလူမျိုးများအားလုံး မျှော်လင့်တောင့်တလျက်ရှိသည့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှအခွင့် အရေးရရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိခြင်းဟူသည့် အနှစ်သာရများ ပြည့်ဝသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ စည်းလုံးညီညွတ်စွာ ဥမကွဲသိုက်မပျက် ထာဝစဉ်ပူးပေါင်းလက်တွဲဆောင်ရွက် သွားကြရန် ဤနေ့ထူးနေ့မြတ်အခါသမယတွင် တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာပေးပို့အပ်ပါသည်။

(ပုံ) ဝင်းမြင့် နိုင်ငံတော်သမ္မတ