ဉရောပအတွင်းမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ လေးသိန်းကျော်ရှိလာ

၁ ဒီဇင်ဘာ

ဉရောပအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ လေးသိန်းကျော်ရှိလာကြောင်း သိရပါတယ်။ 

ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ ၄၀၈,၄၄၃ ဦးရှိကြောင်း နဲ့ ရောဂါပိုးကူးစက်ခံရသူ ၁၈,၀၂၄,၀၈၉ ဦးရှိကြောင်း တနင်္လာနေ့က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ဉရောပနိုင်ငံများအနက် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူအများဆုံး ငါးနိုင်ငံဖြစ်တဲ့ ဗြိတိန်မှာ (၅၈,၂၄၅ ဦး)၊ အီတလီမှာ (၅၄,၉၀၄ ဦး)၊ ပြင်သစ်မှာ (၅၂,၃၂၅ဦး)၊ စပိန်မှာ (၄၄,၆၆၈ဦး) နဲ့ ရုရှားမှာ (၃၉,၈၉၅ဦး) ရှိပါတယ်။ 

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများဆုံး ငါးနိုင်ငံကတော့ ရုရှား (၂,၂၉၅,၆၅၄) ဦး ၊ ပြင်သစ် (၂,၂၁၈,၄၈၃) ဦး၊ စပိန် (၁,၆၂၈,၂၀၈) ဦး၊ ဗြိတိန် (၁,၆၁၇,၃၂၇) ဦး နဲ့ အီတလီ (၁,၅၈၅,၁၇၈) ဦး ဖြစ်ပါတယ်။

ဉရောပမှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူး ပိတ်ရက်အတွက် ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးခဲ့ရာ ပြီးခဲ့တဲ့ စနေနေ့ကစပြီး ပြင်သစ်နိုင်ငံမှာ ဆိုင်တွေပြန်လည် ဖွင့်လှစ်ခွင့်ရနေပြီး ပိုလန်နိုင်ငံက ရှော့ပင်းစင်တာတွေလည်း ပြန်လည် လည်ပတ်ခွင့် ရရှိကြောင်း သိရပါတယ်။ 

ဘယ်လ်ဂျီနိုင်ငံမှာ ဇန်နဝါရီလလယ်အထိ semi-lockdown ဆက်လက်ထားရှိမှာဖြစ်ပေမယ့် ဒီနေ့ (ဒီဇင်ဘာ ၁ ရက်) နေ့ကစပြီး ဆိုင်တွေပြန်ဖွင့်ခွင့် ရရှိကြောင်း သိရပါတယ်။ အလားတူ ဂျာမနီ၊ လူဇင်ဘတ်နဲ့ နယ်သာလန်နိုင်ငံတွေမှာလည်း ဆိုင်တွေပြန်ဖွင့်ခွင့် ရရှိကြောင်း သိရပါတယ်။ 

အိုင်ယာလန်နိုင်ငံကလည်း တားမြစ်ချက်တွေကို ပြန်လည်ဖြေလျော့ပေးပြီး စီးပွားရေးလုပ်ငန်း အသေးစားတွေ ပြန်လည် လည်ပတ်ခွင့်နှင့် ခရစ်စမတ်အတွက် မိသားစုတွေ ပြန်လည် တွေ့ဆုံခွင့်တွေ ရရှိနေပြီဖြစ်ပါတယ်။ 

MDN
ကိုကား -AFP