ဩစတြေးလျ၊ နယူးဇီလန်၊ ပါပူဝါနယူးဂီနီနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပဉ္စမအကြိမ် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ပို့ဆောင်

ဆစ်ဒနီ ၃ အောက်တိုဘာ

 

၁။ မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ထွက်ခွာလိုသည့် သြစတြေးလျနိုင်ငံ၊ နယူးဇီလန်နိုင်ငံနှင့် ပါပူဝါနယူးဂီနီနိုင်ငံများတွင် ရောက်ရှိနေခဲ့ကြသော မြန်မာနိုင်ငံသားများ၊ မြန်မာသင်္ဘောသားများနှင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းစီမံကိန်းများတွင် တာဝန်ထမ်းဆောင်မည့် နိုင်ငံခြားသားခရီးသည်များ စုစုပေါင်း (၁၀၅) ဦး လိုက်ပါမည့် မြန်မာ အမျိုးသားလေကြောင်း Myanmar National Airlines (MNA) ၏ ပဉ္စမအကြိမ် အထူးကယ်ဆယ်ရေး လေယာဉ် UB-9802 သည် ယနေ့ (စနေနေ့)တွင် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှ ဒေသစံတော်ချိန် နံနက် ၀၉:၄၀ နာရီတွင် ထွက်ခွာခဲ့ပါသည်။

 

၂။ ကယ်ဆယ်ရေးလေယာဉ်သည် ပါပူဝါနယူးဂီနီနိုင်ငံ Port Moresby မြို့လေဆိပ်၌ တစ်ထောက်ရပ်နားပြီး  မြန်မာနိုင်ငံသား (၃၄) ဦးကို ထပ်မံတင်ဆောင်၍ ဒေသစံတော်ချိန် ခန့်မှန်း ၁၄:၂၀ နာရီတွင် Port Moresby လေဆိပ်မှ ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာ သွားပါသည်။

 

၃။ ပြည်လည်ထွက်ခွာသွားကြသော မြန်မာနိုင်ငံသားများ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးနှင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရန်အတွက် သံမှူးကြီး ဦးအောင်ကျော်မိုးနှင့် သံရုံးဝန်ထမ်းများက လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

 

၄။ ကယ်ဆယ်ရေးလေယာဉ် စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ မူဝါဒနှင့်အညီ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ လမ်းညွှန်ကွပ်ကဲမှုများ၊ ဆက်စပ်ဝန်ကြီးဌာနများဖြစ်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနတို့၏ ပံ့ပိုးမှုများ၊ မြန်မာအမျိုးသားလေကြောင်း၊ သြစတြေးလျနိုင်ငံ အာဏာပိုင်များ၏ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ယခုအခါ ပဉ္စမအကြိမ် ရှိခဲ့ပြီဖြစ်ပြီး မြန်မာနိုင်ငံသား စုစုပေါင်း (၆၀၃) ဦးနှင့် နိုင်ငံခြားသားခရီးသည်(၁၇)ဦးတို့အား ချောမောစွာ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

 

Credit> Ministry of Foreign Affairs Myanmar