ဩစတြေးလျ၌ အက်စ်ထရာဇန်နီကာ ဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်မှု စတင်မည်

မဲလ်ဘုန်း  ၉  နိုဝင်ဘာ

သြစတြေးလျနိုင်ငံ၌ နိုဝင်ဘာ ၉ ရက်(ယနေ့)မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ သန်းနှင့်ချီ၍ စတင်ထုတ်လုပ်မည်ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း မဲလ်ဘုန်းမြို့ရှိ စက်ရုံ၌ အက်စ်ထရာဇန်နီကာ ဗိုင်းရပ်စ်ကာကွယ်ဆေး AZD1222 စတင်ထုတ်လုပ်မည်ဟု ဇီဝနည်းပညာကုမ္ပဏီ CSL က ကြေညာခဲ့သည်။

သြစတြေးလျအစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်၏ တစ်စိတ်တစ်ဒေသအဖြစ် ဗိုင်းရပ်စ် ကာကွယ်ဆေး အလုံးရေသန်း ၃၀ ထုတ်လုပ်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် နှစ်လယ်တွင် စတင်ဖြန့်ဝေမည်ဟု CSL ကုမ္ပဏီက ပြောသည်။ အောက်စဖို့ဒ်တက္ကသိုလ်မှ ထုတ်လုပ်သည့် အဆိုပါထိုးဆေးက ကမ္ဘာတစ်ဝန်း အလားအလာအကောင်းဆုံး ဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးအဖြစ် သတ်မှတ်ခံရပြီး အပြီးသတ်အဆင့် စမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိသည်။ လက်ရှိ ဆောင်ရွက်ဆဲ လက်တွေ့စမ်းသပ်မှုများ အောင်မြင်ပါက ဩစတြေးလျအစိုးရက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ထပ်နှစ်မျိုးဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့သည်။

သြစတြေးလျနိုင်ငံသည် အမေရိကန်ဆေးဝါးကုမ္ပဏီ Novavax ထံမှ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၄၀ နှင့် အမေရိကန် ဆေးဝါးလုပ်ငန်းများဖြစ်သော Pfizer နှင့် BioNTech တို့ ပူးတွဲထုတ်လုပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေး ၁၀ သန်း ဝယ်ယူမည်ဖြစ်သည်။ အဆိုပါ ဗိုင်းရပ်စ် ကာကွယ်ဆေးများကို ကမ္ဘာတစ်ဝန်း အပြီးသတ်အဆင့် စမ်းသပ်မှုများ လုပ်ဆောင်နေပြီး လာမည့်နှစ်အစောပိုင်းတွင် သြစတြေးလျနိုင်ငံ၌ အသုံးပြုရန် အတည်ပြုနိုင်သည်။

အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ကြေးရှိ ကွင်းစလန်းတက္ကသိုလ်၊ အက်စ်ထရာ ဇန်နီကာတို့နှင့် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်များအရ ဩစတြေးလျနိုင်ငံသည် ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ အကုန်အကျခံ၍ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၁၃၄ သန်း ဝယ်ယူမည်ဖြစ်သည်။

ကိုးကား - ဒေးလီးမေးလ်၊ ဘာသာပြန် - ကျော်ထိုက်စိုး