ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှုပျမ်းမျှ ၁၀ဝ အောက်ကျဆင်း

၂ စက်တင်ဘာ

 

 

ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် ယနေ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၀ ထပ်မံတွေ့ရှိခဲ့သည်။

 

 

နှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ကူးစက်ခံရသူ ဦးရေမှာ ခုနစ်ရက်အတွင်း ပျမ်းမျှ ၁၀ဝ အောက် ကျဆင်းလာသည်။

 

 

ဩဂုတ်လအစောပိုင်းနှင့် ဇူလိုင်လနှောင်းပိုင်းတို့တွင် ကူးစက်ခံရသူ ၇၀ဝ ကျော်ရှိခဲ့ပြီးနောက် တင်းကြပ်သော ကန့်သတ်ပိတ်ဆို့မှုများကြောင့် ဗစ်တိုးရီးယားတွင် ကူးစက်ခံရသူ အရေအတွက် တဖြည်းဖြည်း ကျဆင်းလာသည်။

 

 

ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ခြောက်ဦးကို ယနေ့ ထပ်မံတွေ့ရှိခဲ့ရပြီး ယင်းပြည်နယ်တွင် ကူးစက်ရောဂါ ဖြစ်ပွားချိန်မှ စတင်ကာ သေဆုံးသူပေါင်း ၅၇၆ ဦး အထိ ရှိလာသည်။

 

 

ဗစ်တိုးရီးယားပြည်နယ် ဆေးဘက်ဆိုင်ရာ အကြီးအကဲဖြစ်သူ ပါမောက္ခ ဘရတ် ဆူတန်က ကူးစက်ခံရမှုများ ဆက်လက် ကျဆင်းလာပါက တာဝန်ရှိသူများက ကန့်သတ်ပိတ်ဆို့မှုများအား ဖြေလျှော့ပေးမည့် အစီအစဉ်များ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တနင်္ဂနွေနေ့က အသေးစိတ် ဖော်ပြထားသည်။

 

 

ဗစ်တိုးရီးယားပါလီမန်က  ပြည်နယ်အရေးပေါ် အခြေအနေကို နောက်ထပ် ခြောက်လ သက်တမ်း တိုးမြှင့်ရန် ဉပဒေကို အတည်ပြုခဲ့သည်။ ပြည်နယ်အစိုးရ အနေဖြင့် ကန့်သတ်ပိတ်ဆို့မှု ချမှတ်ရန် ထိုဉပဒေများ လိုအပ်သည်။

 

 

ကျန်းမာရေးဝန်ကြီး ဂျေနီ မစ်ကိုး က ခြောက်လအတွင်း ရောဂါကာကွယ်ဆေးအား လုံးဝရနိုင်ခြေ မရှိသေးကြောင်း သိရှိနားလည်ထားသဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုမှာ နှစ်ပတ်အတွင်း ပြီးဆုံးမည် မဟုတ်ကြောင်း၊ ခြောက်လအတွင်း ပြီးဆုံးမည် မဟုတ်သေးကြောင်းနှင့် ၂၀၂၁ ခုနှစ်အထိ သွားလိမ့်မည် ဖြစ်ကြောင်း ပါလီမန်ကို ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို