Orbis မျက်စိရောဂါကု လေယာဉ်ဆေးရုံကြီး မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မျက်စိကုသခြင်းနှင့် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်

မန္တလေး   ၂၅  စက်တင်ဘာ


အမေရိကန်အခြေစိုက် Orbis မျက်စိရောဂါကု လေယာဉ်ဆေးရုံကြီး (Flying Eye Hospital) သည် မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မန္တလေး မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီးနှင့် ပူးပေါင်း၍ မျက်စိရောဂါကုသခြင်းနှင့် သင်ကြားရေးလုပ်ငန်းများကို စက်တင်ဘာ ၂၃ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကမ်းလှမ်းချက်အရ လာရောက်ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် (၁၀)ကြိမ်မြောက်၊ မန္တလေးမြို့တွင် လေးကြိမ်မြောက်အဖြစ် လာရောက်ဆင်းသက်ကာ မျက်စိအထူးကု ဘာသာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၄ ရက်အထိ မျက်စိဝေဒနာရှင်များအား ခွဲစိတ်ကုသကာ မြန်မာနိုင်ငံအတွင်းရှိ မျက်စိဆရာဝန်များအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း အဆိုပါလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်၍ စက်တင်ဘာ ၂၅ ရက်တွင် လေဆိပ်ခန်းမ၌ ပြုလုပ်သည့် မီဒီယာများအား တွေ့ဆုံရှင်းလင်းပွဲတွင် ရန်ကုန် မျက်စိအထူးကု ဆေးရုံကြီးမှ ပါမောက္ခ ဌာနမှူး ဒေါက်တာရီရီအောင်က ပြောသည်။


''Orbis မျက်စိရောဂါကု လေယာဉ်ဆေးရုံကြီးဟာ လေယာဉ်နဲ့ ကမ္ဘာအနှံ့အပြားကို သွားရောက်ပြီး မျက်စိကုသမှုတွေကို လိုအပ်တဲ့နေရာတွေမှာ ကုသပေးနေတာပါ။ ကုသဖို့အတွက် လူနာတွေကို ဒီလေယာဉ်ကြီး မလာခင်ကတည်းက ရွေးချယ်ထားပါတယ်။ အဓိကအနေနဲ့ သင်ကြားရေးအတွက် ရည်ရွယ်ပြီး ကုသပေးဖို့ လူနာတွေကို ရွေးချယ်ထားတာပါ။ တစ်နေ့ကို ရောဂါဘာသာရပ်အလိုက် မျက်စိလူနာ ငါးဦးခန့် ဒီလေယာဉ်ပေါ်မှာ ခွဲစိတ်ကုသပြီး သင်ကြားပေးနေသလို တစ်ချိန်တည်းမှာပဲ မန္တလေး မျက်စိဆေးရုံကြီးမှာလည်း ခွဲစိတ်ကုသမှုတွေလုပ်ပြီး သင်ကြားပေးနေပါတယ်။ ဒီလုပ်ငန်းဆောင်ရွက်မှုရဲ့ အကျိုးရလဒ်အနေနဲ့ကတော့ အနာဂတ် မျိုးဆက်တွေအတွက် မြန်မာနိုင်ငံရဲ့ မျက်စိရောဂါကုသမှုဟာ ကမ္ဘာနဲ့ယှဉ်နိုင်မယ့်အပြင် သုတေသန လုပ်ငန်းတွေအတွက်လည်း အကြံဉာဏ်တွေ ရလာပါမယ်။ နောက်တစ်ခုက ကျွန်မတို့နဲ့ တွဲဖက်လုပ်ကိုင်နေကြတဲ့ သူနာပြုဆရာမတွေ လိုအပ်တဲ့ စက်ပစ္စည်းတွေကို ထိန်းသိမ်းပေးတဲ့ အင်ဂျင်နီယာတွေအတွက်လည်း အများကြီး အထောက်အပံ့ရမှာပါ''  ဟု ၎င်းက ပြောသည်။
ထို့ပြင် Orbis Flying Eye Hospital မှ ညွှန်ကြားရေးမှူး Mr. Maurice Geary ကလည်း “မြန်မာတစ်မျိုးသားလုံးအတွက် လက်လှမ်းမီနိုင်ပြီး အရည်အသွေးပြည့်ဝတဲ့ မျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ ရည်ရွယ်ပြီး လာရောက် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီလေယာဉ်ဆေးရုံကြီးပေါ်မှာ ပြုလုပ်တဲ့ ခွဲစိတ်ကုသမှုတွေနဲ့ လက်တွေ့သင်ကြားခြင်းတွေကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လေ့ကျင့်သင်ကြားနေသူတွေ ကြည့်ရှုနိုင်အောင် တိုက်ရိုက်ထုတ်လွှင့်မှုတွေကိုလည်း ပြုလုပ်ပေးနေပါတယ်” ဟု ပြောသည်။


အဆိုပါ မျက်စိရောဂါကု လေယာဉ်ဆေးရုံကြီးတွင် ကလေးသူငယ်ဆိုင်ရာ မျက်စိစွေခြင်းနှင့် တိမ်စွဲခြင်း မျက်ကြည်လွှာဆိုင်ရာ ရောဂါများ၊ ရေတိမ်ရောဂါ၊ မျက်ခွံနှင့် မျက်ရည်လမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် မျက်စိအမြင်လွှာဆိုင်ရာ ရောဂါများ စသည်တို့ကို  မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မျက်စိဆရာဝန်များ၊ သူနာပြုများ၊ မေ့ဆေးဆရာဝန်များ၊ ဆေးပညာဆိုင်ရာ အင်ဂျင်နီယာများနှင့် ကျွမ်းကျင်ပညာရှင်များ အခြားသော ဆေးပညာဆိုင်ရာ ဝန်ထမ်းများကို သက်ဆိုင်ရာ မျက်စိအထူးပြု ဘာသာရပ်များအလိုက် စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိပြီး ဘွဲ့လွန်သင်တန်းသားများအား အသံလှိုင်းဖြင့် အတွင်းတိမ်ဖယ်ရှားခြင်း နည်းပညာများ ရေတိမ်ရောဂါအတွက် လက်တွေ့သင်ကြားပို့ချမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)