ပျားရည်တင်ပို့မှု ပြည်ပစျေးကွက်မရှိသဖြင့် ပြည်တွင်းစျေးကွက်ကိုသာ မှီခိုနေရ

မကွေး  ၂၄  ဇူလိုင်

 

ကိုဗစ်-၁၉ ရောဂါကာလတွင် ပျားရည်တင်ပို့မှု ပြည်ပစျေးကွက်မရှိသည့်အတွက် ပြည်တွင်းစျေးကွက်ကိုသာ မှီခိုနေရပြီး ပျားရည်စျေးကျဆင်းကာ လုပ်ငန်းများလည်း အရှုံးပေါ်နိုင်ကြောင်း မကွေးတိုင်းဒေသကြီး ပျားလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

“ယခုနှစ်မှာ ကိုဗစ်ကြောင့် မတ်လကစပြီး ပျားရည်ပြည်ပစျေးကွက် မရှိတဲ့အတွက် ပြည်တွင်းစျေးကွက်နဲ့သာ ရောင်းချနေရတယ်၊ စျေးကလည်း အရင်နှစ်ကလောက်မကောင်းတော့ အရှုံးရှိနိုင်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး ပျားလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးနိုင်က ပြောသည်။

 

ပြီးခဲ့သည့်နှစ်က ပျားရည်စျေးမှာ တစ်ပိဿာ ၂၇၀၀ ကျပ်ရှိသော်လည်း ယခုနှစ်မှာ ပျားရည်တစ်ပိဿာ ၂၀၀၀ ကျပ်သာ စျေးကွက်ပေါက်စျေးရှိကြောင်း၊ မြန်မာနိုင်ငံက ထွက်ရှိသည့် ပျားရည်များကို ဂျပန်၊ အမေရိကား၊ ကိုရီးယား၊ တရုတ်၊ ထိုင်း စသည့် ပြည်ပနိုင်ငံများက နှစ်စဉ်ဝယ်ယူမှုရှိ​ခဲ့သော်လည်း လတ်တလော၌ စျေးကွက်ရပ်ဆိုင်းနေကြောင်း သိရသည်။

 

"လုပ်ငန်းရှင်တွေအနေနဲ့ ပျားပုံးအရင်းအနှီးစရိတ်၊ ရွှေ့ပြောင်းစရိတ်၊ လုပ်သားခ စတဲ့ကုန်ကျစရိတ်တွေရှိတာ​ကြောင့် ပျားရည်တစ်ပိဿာ ၂၅၀၀ ကျပ်ရောင်းရမှ အဆင်ပြေမှာပါ၊ ယခုနှစ် မိုးခေါင်တဲ့အတွက် ပျားရည်ထွက်နှုန်းကလည်း ပြီးခဲ့တဲ့နှစ်တွေထက် (၅၀) ရာခိုင်နှုန်းလောက် ကျဆင်းနိုင်ပါတယ်” ဟု ပုဂ္ဂလိက ပျားလုပ်ငန်းရှင် ဦးအောင်မင်း က ပြောသည်။


ပြီးခဲ့သည့်နှစ်များက မကွေးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်သည့် ဆီး(ဇီး)ပျားရည်နှင့် နေကြာပျားရည် တန်ချိန် (၂၀၀)မှ (၂၅၀)အထိ ပြည်ပနိုင်ငံကို နှစ်စဉ်တင်ပိုနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ပျားလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

ဇေယျတု(မကွေး)