ပြာသိုလ၏    မြင်းခင်းသဘင်ပွဲတော်

မြန်မာတို့သည် မြန်မာ့စိတ်ဓာတ်၊ မြန်မာ့ဓလေ့တို့ကို ဖော်ထုတ်ပြညွှန်းပေးနေသည့် ပွဲတော်များကို   တစ်လတစ်မျိုး မရိုးမထပ်အောင် မြန်မာတစ်မျိုးသားလုံးပါဝင်၍   အုန်းအုန်း ကျွက်ကျွက် တစ်ခဲနက် ကျင်းပလေ့ရှိကြသည်။ မိုးရာသီအကုန် ဆောင်းရာသီအဝင် ဤပြာသိုလအချိန်၌မူ မြင်းခင်းသဘင်ပွဲတော်ကို  ဆင်ယင်ကျင်းပကြပြန်သည်။ ဤမြင်းခင်း ပွဲတော်သည်ပင်   ပြာသိုလ၏  အများနှင့်မတူ တစ်မူခြားနားသော ထူးခြားချက်တစ်ရပ် ဖြစ်တော့သည်။

 

ပြာသိုလနှင့် ခွာညိုပန်း

 

ပြာသိုလသည်   မြန်မာ  ၁၂   လရာသီ   စက်ဝန်းတွင် ဒသမမြောက်လ ဖြစ်သည်။ တောတောင်ရေမြေ သဘာဝသည် ငွေနှင်းမှုန်သင်တိုင်းကြီးကို ဝတ်ရုံ၍ တစ်ဖုံတစ်နည်း လှပတင့်တယ်နေသည်။ ရပ်ရှစ်ခွင်ကို မျှော်ကြည့်လေတိုင်း အလွမ်းဓာတ်ခံရှိသူများအဖို့ ဖြေမဆည်နိုင်သည့်ကာလလည်း  ဖြစ်သည်။  ပြာသိုလသည်   ဗေဒင် အလိုအားဖြင့် မကာရရာသီဟု  ခေါ်သည်။  ဖုသျှနက္ခတ်သည်  ငွေစန္ဒာ လဝန်းကြီးနှင့် ကောင်းကင်ပြင်တွင်   ယှဉ်တွဲ၍  မွန်းတည့် သောအခါ ဖြစ်သည်။ ပုစွန်တာရာမှာ နေမင်းကြီးနှင့်ယှဉ်ပြီး ထွက်ပေါ်လာသည်။ ရာသီပန်းကား “လမြတ်ပြာသို ပန်း ခွာညို ဟူသည့်အတိုင်း   ခွာညိုပန်းဖြစ်သည်။  ဤသည် တို့မှာ ပြာသိုလ၏ ထူးခြားချက်များပင် ဖြစ်ပေသည်။

 

ပြာသိုလတွင် မိုးရွာသွန်းခြင်းမရှိတော့ဘဲ ပတ်ဝန်းကျင် မြေပြင်တစ်ခုလုံး  သာယာခြောက်သွေ့ကာ  လောကကြီး တစ်ခုလုံး ရွှင်လန်းတက်ကြွနေသောအချိန်အခါ ဖြစ်သည် နှင့်အညီ ရာသီပွဲအဖြစ် မြင်းခင်းသဘင်ပွဲတော်ကို ကျင်းပ လေ့ရှိကြသည်။ ငွေနှင်းမှုန်များနှင့်အတူ ကြည်လင်ပြာလဲ့ သော  ကောင်းကင်အောက်တွင် အင်အားကိုအသုံးပြုကာ ယှဉ်ပြိုင်ရသော မြင်းခင်းသဘင်ပွဲကို    ဆင်နွှဲခြင်းသည် လျော်ကန်သင့်မြတ်လှပါသည်။ ဤမြင်းခင်းသဘင်ပွဲတော်မျိုးကို  ဤဆောင်းလအခါ ပြာသိုလ၌ ကျင်းပရန် အခြေချ ပေးခဲ့သည့်   ရှေးက  မြန်မာ့ဘိုးဘွားတို့၏   အမြော်အမြင် ကြီးမားပုံမှာ လေးစားလောက်ပါပေသည်။

 

စင်စစ်မူ  ဤပြာသိုလ၏ ရာသီပွဲတော်မှာ  မြင်းခင်း သဘင်ပွဲတော်ဖြစ်သော်လည်း    ပျော်ရွှင်စွာ နေတတ်ပြီး အများနှင့် စုပေါင်း အကောင်အထည်ဖော်ရသော ပွဲလမ်းမျိုးတွင် ဝါသနာထုံသော  မြန်မာတို့သည် မြင်းခင်းသဘင် အပြင်  ဂူလီသဘင်ကိုပါ  ဆင်နွှဲကျင်းပခဲ့ကြသည်။ ဂူလီ သဘင်မှာလည်း  မြင်းစီးပြီး  အင်အားသုံးရသောကြောင့် မြင်းခင်းသဘင်ကဲ့သို့ပင် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။

 

မြင်းခင်းသဘင်နှင့် ဆင်ခင်းသဘင်

 

ပထမဦးစွာ ပြာသိုလ၏ မူရင်းပွဲတော် မြင်းခင်းသဘင် အကြောင်းကို တင်ပြလိုပါသည်။

 

စာဆိုတော်ဦးယာသည် သူ၏ ပြာသိုလဖွဲ့ လူးတား၌ မြန်မာမင်းများလက်ထက်   မြင်းခင်းသဘင်   ကျင်းပပုံကို “သည်ရတုတွင်၊ မြင်းစုခြေသည်၊ စွယ်ရှည်ဖွေးဖွေး၊ မီးသွေး သွေးနှင့်၊ ဒိုင်းလေးသေနတ်၊ ဝင်းခတ်ခင်းကျင်း၊ မြင်းသည် တစ်ယောက်၊  လျောက်ပတ်ဖွယ်ရာ၊  ကိုယ်မှာဝတ်ဆင်၊ ဇာဖျင်အင်္ကျီ၊ ပုစွန်ဆီနှင့်၊ နီလာမြသွေး၊  စိုင်းနှင်ပြေး၍၊ မြင်းရေးယှဉ်ပြိုင်၊ ဇက်ကိုင်ဇက်ကွင်း၊ စီးနင်းထိုးဖောက်၊ ရှေ့နောက်ဆုတ်ငင်၊ ဆင်လည်းမုန်ပြင်း၊ မြင်းခင်းပွဲတော်၊ ထုံးစံပေါ်၍ဟု ရေးသားထားပါသည်။

 

ဤဖော်ပြထားချက်ကိုကြည့်လျှင် ပြာသိုလ မြင်းခင်း သဘင်တွင် ပါဝင်ဆင်နွှဲရသော  မြင်းစုခြေသည်တို့မှာ သင့်တင့်လျောက်ပတ်သော အဝတ်တန်ဆာများကို ဝတ်ဆင်ရကြောင်းနှင့်  ဝတ်ဆင်သော  အဝတ်တန်ဆာတို့မှာ ပုစွန်ဆီရောင်၊ နီလာရောင်၊ မြရောင်များဖြစ်ကြောင်း  သိရှိရသည်။ ဝင်ရောက်ယှဉ်ပြိုင်သော  မြင်းသည်တို့သည်   ကိုယ်တွင် ဒိုင်း၊ လေး၊ သေနတ်များလွယ်၍ ဝင်ရောက် ယှဉ်ပြိုင်ကြရကြောင်းကိုလည်း သိရှိရသည်။

 

ပြာသိုလတွင် ကျင်းပလေ့ရှိသော  ရာသီပွဲမှာ မြင်းခင်း သဘင်ဟု ဆိုကြ၊ ရေးကြသော်လည်း စင်စစ်မှာမူ မြင်းခင်း၊ ဆင်ခင်းဟူ၍ ခွဲခြားကျင်းပကြသည်ကို အထက်ပါ ကဗျာပါ “ရှေ့နောက်ဆုတ်ငင်၊ ဆင်လည်းမုန်ပြင်းဟူသော စကားအရ သိသာနိုင်ပါသည်။ ရှေးဘုရင်များသည် တိုင်းပြည်  ကာကွယ်ရေးအတွက်   ဆင်တပ်ကြီးများကို ဖွဲ့စည်းထားရာ   စစ်ပွဲသုံး   အာဇာနည်ဆင်ကောင်းများ   ရရှိနိုင်ရန်   ဤသို့ ဆင်ခင်းများကျင်းပ၍   စုဆောင်းကြသည်။

 

ဆင်ခင်းပွဲတော်နှင့် ယတြာရဆင်များ

 

ဆင်ခင်းပွဲတော်မှာ ပြိုင်ပွဲမဟုတ်ချေ။ “ယတြာရဆင် ခေါ် အောင်ပွဲရဆင်များ ရွေးချယ်ပွဲပင်ဖြစ်သည်။ ဆင်များ ရွေးချယ်ပုံမှာ   ပထမဆုံး တောထဲမှ ဆင်ရိုင်းများကို ကျုံးသွင်း၍   ဖမ်းယူရသည်။   ထိုဆင်များ  နွမ်းနယ် ယဉ်ကျေးသွားသောအခါ  ထိုဆင်များကို အပြင်ထုတ်၍ လမ်းလျှောက်စေပြီး  ဆင်ကြီး  အမှတ်တမဲ့ လျှောက်လာရာတွင် ဝဲယာနှစ်ဖက်မှာ ပုန်းလျှိုးနေသော ဒိုင်းကိုင်လူတစ်ရာ က ဒိုင်းကို   ပြင်းထန်စွာ   ရိုက်ခတ်ပေးရသည်။  ထိုအခါ  ဆင်ကြီးက ကြောက်ရွံ့ထိတ်လန့်ခြင်းလက္ခဏာ မပြလျှင် သေနတ်ကိုင်လူနှစ်တန်းကြားသို့ သွားစေ၍ သေနတ်ကိုင် တို့က  သေနတ်များကို  တစ်ပြိုင်တည်း  ပစ်ဖောက်ကြရ သည်။ အကယ်၍ ထိုဆင်ကြီးသည် မကြောက်မလန့် ဘဲရှိနေလျှင်  ထိုဆင်၏နောက်သို့     မြင်းတပ်က  ခွာသံ ပြင်းပြင်းနှင့် တရကြမ်းလိုက်ခြင်း၊    အခြားဆင်ကြီး တစ်ကောင်နှင့်   ဝှေ့စေခြင်း၊    ယန္တရားဆင်ထားသော   ကျားရုပ်ကြီးများဖြင့် ခြိမ်းခြောက်ခြင်းတို့ကို  ဆက်ပြီး  ပြုလုပ်ရသည်။ ထိုသို့  ခြောက်လှန့်မှုများကို ဆင်က ကြောက်လန့်ဟန်မပြဘဲ ကျားရုပ်ကြီးကို အစွယ်ဖြင့် ဝှေ့ယမ်းလိမ်ချိုးလိုက်လျှင်   ထိုဆင်ကြီးသည် စမ်းသပ်ခြင်း အမျိုးမျိုးကို အောင်မြင်ပြီးဖြစ်၍    ဘုရင်မင်းမြတ်က “ယတြာရဆင်ဟု အမည်ပေးကာ ရွေးချယ်တော် မူသည်။

 

မြင်းခင်းသဘင်

 

မြင်းခင်းသဘင်မှာမူ ပြိုင်ပွဲဖြစ်သည်။ မြင်းစီးသူရဲ ကောင်း၏ စွမ်းရည်ကို စမ်းသပ်ကာ “မြင်းသည်ကောင်း အဖြစ် ရွေးချယ်ပွဲဖြစ်သည်။ ထိုပြိုင်ပွဲသို့ မြင်းသည်တော် လုလင်ပျိုတို့   ဝင်ရောက်ယှဉ်ပြိုင်ကြသည်။   ပြိုင်ရမည့် ပွဲစဉ်များမှာလည်း အမျိုးမျိုးရှိသည်။  မြေပြင်တွင် ရိုးရိုး စက်ထိုးခြင်း၊ မြင်းစီး၍ စက်ထိုးခြင်း၊ မြေတွင်  လိမ့်လာသော ရှောက်သီး၊ သံပရာသီးများကိုထိုးခြင်း၊ ငှက်ပျောပင် ပြတ်ထိပ်တွင် မြူတာအိုးကိုတင်၍ မြူတာအိုး မကျမကွဲ အောင် ငှက်ပျောပင်ကို  မြင်းပေါ်မှ  ဓားနှင့်ခုတ်ပိုင်းခြင်းတို့  ဖြစ်သည်။

 

မြေပြင်မှလည်းကောင်း၊   မြင်းပေါ်မှလည်းကောင်း စက်ထိုးနိုင်ရန်အတွက် ကွင်းပြင်အလယ်၌ ၁၅ တောင် မြင့်သော တိုင်ကြီးကို  စိုက်ထားပြီး ဆေးဖြူသုတ်ထားသည့် သစ်သားဝိုင်းကြီးကို ထိပ်၌ ကပ်ရိုက်ထားရသည်။ အဖြူရောင်  သစ်သားဝိုင်းကြီး၏  အလယ်တွင် အမည်းရောင်  စက်ဝိုင်းငယ်လေးကို ထည့်ထားရာ   ထိုအမည်း စက်ဝိုင်းကို   ဝင်အောင်   လှံနှင့်ပစ်ထိုးခြင်းဖြစ်သည်။ စက်ထိုးမည့်နေရာမှာ  စက်ခွက်နှင့် ၁၅ တောင်အကွာမှ  စည်းတားထားခြင်း ဖြစ်သည်။

 

စက်ထိုးပုံမှာ  စိတ်ဝင်စားဖွယ်  ကောင်းလှပါသည်။ စက်ခွက်ပါ  တိုင်ကြီးမှာ  နောက်သို့ရွှေ့ပေးနိုင်၍  ပထမ ၁၅ တောင်၊ ဒုတိယ အတောင် ၂၀၊ တတိယ အတောင် ၃ဝ စသည်ဖြင့် ထိုးနိုင်သည့်အားကိုလိုက်၍ နောက်သို့ အတောင်  ၆၀  အထိရွှေ့ပြီး  ထိုးနိုင်ကြသည်။  ထိုးမည့် လှံကား သုံးတောင်ခန့်   ရှည်လျားပြီး    လှံရွက်များ တပ်ထားသော လှံဖြစ်သည်။ ပြိုင်ပွဲဝင်တစ်ယောက်သည် ၁၀ ကြိမ်အထိ   ထိုးခွင့်ရှိပြီး စက်ခွက်၌ အနည်းဆုံး သုံးချက်စွဲသူသည် အောင်ပွဲရသူရဲကောင်း ဖြစ်သည်။

 

ဆင်ခင်းသဘင်ကို  ပြာသိုလဆန်း ၁ ရက်နေ့တွင် စတင်၍ သုံးရက်ကြာ ကျင်းပသကဲ့သို့ မြင်းခင်းသဘင်ကို သုံးရက်ဆက်တိုက် ကျင်းပကြသည်။ ထိုသို့ ပထမနေ့တွင် စက်ထိုးပွဲကို  ကျင်းပပြီးသောအခါ  နောက်တစ်နေ့တွင် ပြိုင်ပွဲဝင်သူများက မြင်းရေး   ၃၇   မျိုးနှင့်အညီ အချက်ကျကျ စီးပြကြရသည်။ ထို့နောက် မြေပြင်ပေါ်တွင် လိမ့်လာသော သံပရာသီး၊  ရှောက်သီးများကို  မြင်းပေါ်မှ  လှံနှင့်ထိုးပြီး   ဓားနှင့်နွှာပြရသည်။   ထိုမှ ဆက်၍ မြူတာအိုးတင်ထားသော ငှက်ပျောပင်ကို ခုတ်ပြကြရ သည်။

 

ပြိုင်ပွဲဝင်ကြသူများ၊  မြင်းခင်း  မြင်းရေးပြကြသူ များမှာ စစ်ဘက်ဆိုင်ရာ  ဗိုလ်မှူးများ၊  မြင်းတပ်မှ  အရာရှိများ ဖြစ်ကြသည်။  ထိုပွဲတွင်  မြင်းစီးအရည်အသွေး၊ လှံထိုး၊ ဓားခုတ် အရည်အသွေးတို့ကို  ထုတ်ဖော်ပြသနိုင်သဖြင့် ရှေးခေတ်စစ်ဘက်ဆိုင်ရာ   အရာရှိများအတွက်  နောက်တစ်ဆင့်မြင့်သော ရာထူးအတွက် အရည်အချင်း စမ်းသပ်ပွဲ၊ သူရဲကောင်းရွေးပွဲအဖြစ်လည်း မြင်းခင်း သဘင်ကို ရှုမြင်နိုင်ကြသည်။

 

မြင်းခင်းသဘင်ဆိုင်ရာ စာကဗျာများ

 

ထိုမြင်းခင်းသဘင်များကို ပြာသိုလရောက်တိုင်း ကျင်းပပုံကို စာဆိုမယ်ခွေသည် သူ၏ ၁၂ လရာသီအဲချင်း ပြာသိုလဖွဲ့တွင် ဖွဲ့ဆိုထားရာ မြင်းခင်းသဘင်၌ ပါဝင်ဆင်နွှဲ ကြသည့် သူရဲကောင်းတို့၏ ဟန်အမူအရာကို “မြန်ပြည်မှ သာနိုး၊ မိန်ညိုချပ်ကာ၊ ရွှေတန်ဆာနှင့်၊  ရတနာမြင်းခင်း၊  စိတ်ရှိငယ်ကျင်းသည်။  နှင်းဖြိုးဖြိုးနှင့်၊   စက်ထိုးမှဟန်ယူ၊  အသည်းဆွတ်ကြွေ၊ ချမ်းလေပြည်နှင့် ဟု ရေးသားစပ်ဆို ထားသည်။ 

 

လူဦးမင်း ရေးဖွဲ့သော ၁၂ ရာသီလေးချိုး ပြာသိုလဖွဲ့ တွင်  “ခါသဘင်မူ၊   ရာဇင်မှန်ပု၊    နတ်သမုလည်း၊ ဗိုလ်ထုငယ် လေးအင်၊  စစ်ရေးဆင်လို့၊  သေနင်ဗျူဟာ၊ ယတြာနှင့်၊ ဂဇာနာပုံ၊ ဆင်မြင်းစုံလျက်၊ ဂုဏ်မင်္ဂလာ၊ မျှို့ကြီးသာ၍၊ လွှတ်ညာရဝေ၊ တင့်မျိုးပဲထွေတော့ပ  စသည်ဖြင့်  ပြာသိုဆင်ခင်း၊  မြင်းခင်းသဘင်များကို ဘုရင်မင်းမြတ်ကိုယ်တိုင် နန်းတွင်းလွှတ်ရုံး၏ ညာဘက်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပုံကို မှတ်တမ်းတင်ရေးဖွဲ့ ခဲ့သည်။ ထိုအချက်ကို ထောက်လျှင် ထိုခေတ် ထိုအခါက ပြာသိုလ၏ ဆင်ခင်း၊ မြင်းခင်းသဘင်ပွဲကို အစဉ်အလာ ပွဲတော်တစ်ခုအနေဖြင့်    မည်မျှအလေးအနက်ထားပြီး ကျင်းပခဲ့ကြသည်ကို သိသာနိုင်ပါသည်။

 

ဂူလီသဘင်ခေါ် ဂူလီရိုက်ပွဲ

 

ထိုရာသီပွဲ မြင်းခင်းသဘင်နှင့်ယှဉ်တွဲကာ ကျင်းပခဲ့ သော နောက်ပွဲတစ်မျိုးလည်း ရှိပါသေးသည်။ ဂူလီသဘင် ခေါ် ဂူလီရိုက်ပွဲဖြစ်ကာ ထိုပွဲကို မြင်းခင်းသဘင် ကျင်းပ ပြီးသည့်နေ့တွင် ဆက်လက်ကျင်းပသည်ဟု  ဆိုပါသည်။ ဂူလီသဘင်မှာ အခြားမဟုတ်၊ ယနေ့ ခေတ်စားနေသော  ပိုလိုရိုက်ခြင်း/ဗလီရိုက်သည့် ကစားနည်းပင် ဖြစ်သည်။

 

ဂူလီပွဲတွင် ကွင်းတစ်ဖက်စီ၌ ဂိုးတိုင်နှစ်တိုင်စီစိုက်ပြီး တစ်ဖက်လျှင် လေးယောက်စီနေကာ မြင်းပေါ်မှ ဂူလီကို ဂေါက်တံဖြင့် လုယက်၍ ဂိုးသွင်းခြင်းဖြစ်သည်။ ကစားသူများမှာ  မင်းသား၊ အမတ်၊ မြို့စား၊ စော်ဘွားတို့ ဖြစ်ကြ၍  အထက်တန်းပုဂ္ဂိုလ်များ ကစားသော ရိုးရာပွဲဟု ဆိုရပေမည်။

 

ဂူလီရိုက်ကစားပုံကို မြဝတီဝန်ကြီး ဦးစက “ပတ်ဖြန့် ငယ်ပြောင်၊  ရွှန်းဝေယံ သိင်္ဂီနန်းမြေညီ၊ ဂူလီပွဲတုကျွန်း ငယ်တည့်လေး။  ခြောက်တန်ညွှန်းသည့်၊ ဘယ်တော်မှာ အုန်းဘောင်ခွန်သ၊ စိုးရဓမ္မရ၊ မြင်ကွန်းငယ်အောင်ချာလေ၊ မြို့သနင်းသည်ပ၊ ငယ်ကျွန်ယုံ၊ မှူးမတ်ဝန်၊ တိမ်စွန်ပျံလ မြင်းငယ်နှင့်လေး၊  မြတ်ညီတော်ရင်း  တောင်ဘက်ဝယ်၊ စိန့်ပြည်ပတ်ချုပ် စိုးအုပ်သည့်နေနွယ်၊ ပခန်းဘုန်းကြွယ် လေမြတ်တစ်ပါး။ လက်ရုံးငယ်ဉာဏ်ရည်၊  တွေ့တိုင်းငယ် နှည်၊  စံတည်မှူးများမတ်ငယ်နှင့်လေး။ ခက်တံရွှေသား စွဲကိုင်ကာ   ဆယ်သုံးလက်မကွာ။    သင့်ရာရာ လယ်ချာ လယ်ချာစုလို့လေးစသည်ဖြင့် နန်းတွင်းမြေပြောင်ထက်တွင် ဘုရင့်ညီတော်၊ စော်ဘွား၊ မြို့စားတို့ ကစားကြကြောင်း ဖော်ညွှန်းရေးဖွဲ့ခဲ့သည်။

 

ပြာသိုသည် သဘာဝရာသီ သာယာသည်နှင့်အမျှ ရာသီပွဲတော်ဖြစ်သော မြင်းခင်းသဘင်၊ ဆင်ခင်းသဘင်၊ ဂူလီသဘင်တို့ကို ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ကြီးမှူး ကျင်းပရာ ဂုဏ်ယူဖွယ် လတစ်လ ဖြစ်ပါသည်။ ထိုပွဲများသည် ပျော်ပွဲရွှင်ပွဲမျှသာမဟုတ်၊ နိုင်ငံတော်ကာကွယ်ရေးအတွက်  သူရဲကောင်းများပေါ်ထွက်ရေးနှင့် ဆင်ကောင်း၊ မြင်းကောင်းများ စုဆောင်းရေးတို့ကို မျှော်ကိုးပြီး ကျင်းပ သော ပွဲကြီးပွဲကောင်းများ ဖြစ်ခဲ့သည်မှာ ထင်ရှားနေပေတော့သည်။        ။

 

မောင်လွမ်းရည်(ရွှေတောင်)