ပဲခူးမြို့နယ်အတွင်း မိုးယွန်းကြီးအင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေး

ပဲခူး ၁၈ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၂ နာရီက မိုးယွန်းကြီးအင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်ရေးအဖွဲ့နှင့် ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပြုလုပ်သည်။

 

ရှေးဦးစွာ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက မိုးယွန်းကြီးအင်းသည် ကမ္ဘာ့ရေဝပ်ဒေသအဖြစ် သတ်မှတ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာနှင့် ပြည်တွင်းပညာရှင်များ ပူးပေါင်း၍ ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမဝင် ငါးဖမ်းဆီးမှုနှင့် ဘီလားဖမ်းစီးမှု ပပျောက်စေရေးနှင့် အခြားသက်မွေးဝမ်းကျောင်းကိုလည်း ဖန်တီးပေးရန် တာဝန်ရှိကြောင်း၊ မိုးယွန်းကြီးအင်းအတွင်း ဇုန်နယ်မြေများ သတ်မှတ်ပြီး အဖွဲ့စနစ်ဖြင့် အထူးကြီးကြပ်ဆောင်ရွက်ခြင်း၊ ကင်းလှည့်ခြင်းများ ဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်ဒေသရှိ ကျေးရွာများကိုလည်း အသိပညာပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ မိုးယွန်းကြီးအင်းအတွင်း သတ်မှတ်ဇုန်နယ်မြေများ ထင်သာမြင်သာသော သတိပေးဆိုင်းဘုတ်များ၊ ကျောက်တိုင်များ စိုက်ထူသွားရန်၊ ငါးဖမ်းဆီးသော ဒေသခံပြည်သူများကိုလည်း သတ်မှတ်ပေးထားသော ဧရိယာအတွင်းသာ မိရိုးဖလာနည်းအတိုင်း ဖမ်းဆီးရန်၊ ဘတ္ထရီဖြင့် ရှော့တိုက်ငါးဖမ်းခြင်းကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူရန်၊ မိုးယွန်းကြီးအင်း စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် သီးခြားဘတ်ဂျက် ရေးဆွဲတင်ပြပေးရန် ပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် မိုးယွန်းကြီးအင်း အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက မိုးယွန်းကြီးအင်း နောက်ခံသမိုင်းကြောင်း၊ ရည်ရွယ်ချက်၊ ထိန်းသိမ်းကာကွယ်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။

 

မိုးယွင်းကြီးအင်းသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း မိုးယွန်းကြီးကျေးရွာအနီး မြေဧရိယာ (၂၅၆၀ဝ) ဧကဖြင့် ၁၉၈၈ ခုနှစ်၊ ဧပြီ (၂၂)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀ဝ၄ ခုနှစ်တွင် Ramsar Site (ရေဝပ်ဒေသ) အဖြစ် အသိအမှတ်ပြုခဲ့ရာ ၂၀၁၄ ခုနှစ်တွင် Flyway Network Site (ငှက်ပျံသန်းမှု လမ်းကြောင်းဒေသ)အဖြစ် သတ်မှတ်အတည်ပြုခဲ့ပြီး ဖြစ်သည်။ မိုးယွန်းကြီးအင်းအတွင်း သဘာဝအတိုင်း ဒေသခံပြည်သူများ ငါးဖမ်းဆီးနိုင်သည့်ဇုန်၊ ဖွံ့ဖြိုးတိုးတက်ရေးဇုန်နှင့် ဝင်ရောက်လုပ်ကိုင်ခွင့်မရှိသော တားမြစ်ဇုန်ဟူ၍ ဇုန်(၃)ခု ခွဲခြားထားပြီး မိုးယွန်းကြီးအင်းသည် ဇီဝမျိုးစုံမျိုးကွဲများ ကျက်စားသည့် နေရင်းဒေသများအား ဇုန်နယ်မြေခွဲခြား၍ စနစ်တကျ စီမံအုပ်ချုပ်သွားရန်၊ ဌာနေငှက်နှင့်ငါး၊ ပုဇွန်သားပေါက်နယ်မြေများအား အမာခံထိန်းသိမ်းရေး နယ်မြေသတ်မှတ်၍ ထိန်းသိမ်းကာကွယ်ခြင်းဖြင့် မျိုးစိတ်များ စဉ်ဆက်မပြတ် တည်ရှိရှင်သန်နိုင်ရန်၊ စားကျက်နယ်မြေနှင့် ငှက်နားနေတန်းများ တည်ဆောက်ပေးခြင်းဖြင့် ဆောင်းခိုငှက်၊ ဌာနငှက်များအတွက် ဘေးကင်းလုံခြုံပြီး ငှက်များဖမ်းဆီးခြင်းမှ ကာကွယ်ရန်၊ စနစ်တကျ ဇုန်နယ်မြေများခွဲခြား၍ စီမံအုပ်ချုပ်ခြင်းဖြင့် ဒေသခံပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်းမှု စဉ်ဆက်မပြတ် အသုံးပြုနိုင်ရန်နှင့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့်အညီ ထိန်းသိမ်းကာကွယ်၍ အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

 

ဟိန်းထက်(ပဲခူး)