ပဲခူးမြို့တွင် လူသတ်ပြီး ပစ္စည်းများယူဆောင်သွားသူ ၂ ဦးအား အမှုဖွင့်အရေးယူထား

နေပြည်တော် ၇ ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် လူသတ်ပြီး ပစ္စည်းများ ယူဆောင်သွားသူ ၂ ဦးအား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပဲခူးမြို့ သနပ်ပင်တန်းရပ်ကွက်နေ ဦးဝင်းထွဋ်(၅၂)နှစ်သည် ဒီဇင်ဘာ ၅ ရက် နံနက် ၁၁ နာရီက နေအိမ်မှ အင်းတကော်မြို့၊ တောင်ကြီးကွဲကျေးရွာရှိ ၎င်း၏ခြံသို့ မော်တော်ယာဉ်ဖြင့် တစ်ဦးတည်းထွက်ခွာသွားရာမှ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် ပဲခူးမြို့မရဲစခန်း၌ လူပျောက်အမှတ်စဉ် (၇၅/၂၀၁၉)ဖြင့် ရေးဖွင့်စုံစမ်းခဲ့ရာ ဒီဇင်ဘာ ၆ ရက် နံနက် ၅ နာရီခန့်တွင် အဆိုပါခြံစောင့်တဲ၏ အနောက်ဘက် ပေ ၂၀ဝ ခန့်အကွာ ဖွဲပြာပုံအနီး၌ ဦးဝင်းထွဋ်အား ဦးခေါင်းနောက်စေ့၊ မျက်နှာ၊ ရင်ဘတ်ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးနေပြီး ၎င်းဝတ်ဆင်ထားသည့် ပတ္တမြားလက်စွပ် ၁ ကွင်း (တန်ဖိုးငွေကျပ် ၅၀ သိန်း)၊ I Phone 10 (တန်ဖိုး ငွေကျပ် ၁၈ သိန်း)၊ Samsung ဖုန်း ၁ လုံး(တန်ဖိုးငွေကျပ် ၆ သိန်း)၊ လက်ပတ်နာရီ ၁ လုံး (တန်ဖိုး ငွေကျပ် ၈ သိန်း)နှင့် Land Cruiser ယာဉ်မှာ ပျောက်ဆုံးနေကြောင်း တွေ့ရှိရသည်။

 

mdn

 

ရဲတပ်ဖွဲ့မှ အမှုအား စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါခြံ၌ တပ်ဆင်ထားသည့် CCTV မှတ်တမ်းအရ ခြံစောင့်ဖြစ်သူ အေးဇော်ထွန်း (၂၃)နှစ်အား တုတ် ၁ ချောင်းကိုင်ဆောင်လျက် ခြံအတွင်း မသင်္ကာဖွယ်တွေ့ရှိရကြောင်းနှင့် သေဆုံးသူ၏ မော်တော်ယာဉ်မှာ ထောက်ကြံ့တိုးဂိတ်နှင့် သာယာဝတီတိုးဂိတ်များအား ဖြတ်သန်းမောင်းနှင်သွားကြောင်း သိရှိရသဖြင့် လိုက်လံစုံစမ်းရှာဖွေရာ ဒီဇင်ဘာ ၆ ရက် ညနေ ၅ နာရီခွဲတွင် ကြို့ပင်ကောက်မြို့နယ်၊ သပြုပင်ကျေးရွာအနီး၌ အေးဇော်ထွန်းအား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

တရားခံ အေးဇော်ထွန်းအား စစ်မေးရာ ၎င်းသည် လွန်ခဲ့သော ၁ ပတ်ခန့်က ဦးဝင်းထွဋ်၏ခြံတွင် အစောင့်အဖြစ် လုပ်ကိုင်ခဲ့ကြောင်း၊ အခင်းဖြစ်သည့်နေ့ ဦးဝင်းထွဋ် ခြံသို့ရောက်ရှိလာခဲ့စဉ် ယခင်ခြံစောင့်လုပ်ကိုင်သူ ၎င်း၏အစ်ကိုဝမ်းကွဲ စန်းမျိုးထွန်းပါ ၂ ဦးတို့နှင့် စကားများရန်ဖြစ်နေစဉ် ၎င်းက သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့၍ သေဆုံးသွားကြောင်း၊ ၎င်းနောက် သေဆုံးသူ၏ ပတ္တမြားလက်စွပ်၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် မော်တော်ယာဉ်တို့အား ယူဆောင်၍ ကြို့ပင်ကောက်မြို့ဘက်သို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သက်သေခံပစ္စည်းများအား သိမ်းဆည်းကာ အမှုအား အင်းတကော် နယ်မြေရဲစခန်း (ပ)၂၉၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄/၂၀၁ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

သတင်းစဉ်