ပဲခူးမြို့တွင် "ပန်းခင်း"စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ် 

ပဲခူး ဇွန် ၂၅

ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇွန် ၂၄ ရက် မွန်းလွဲ(၂) နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပဲခူးမြို့နယ်ဦးစီးမှူးရုံး၏ "ပန်းခင်း"စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၄)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မင်းက "ပန်းခင်း" စီမံချက်ဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၄)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပဲခူး တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မင်းတို့က ဘုရားကြီးမြို့ (၁/၂/၃)ရပ်ကွက်၊ သပြေရိုးကျေးရွာ အုပ်စု၊ သံစို့ပင်ကျေးရွာအုပ်စု၊ ကွေ့တန်းရှည်ကျေးရွာ အုပ်စု၊ မုန်တိုင်းကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာ အုပ်စု၊ ထန်းတောကြီးကျေးရွာအုပ်စုနှင့် ဝါးပြန်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၉၆)ခုအား ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင် ၂၀၂၁ခုနှစ်၊ မေလ(၃)ရက်နေ့မှစတင်ပြီး ပြည်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားအပါအဝင် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ နိုင်ငံသား စိစစ်ရေးကတ်ပြား (၁၂၈၇၄)ခုကျော် ပေးအပ်ခဲ့ပြီးဖြစ်ပြီး ပဲခူးမြို့နယ်အနေဖြင့် အိမ်ထောင်စု (၆၆၈)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၂၁၂)ခု ပေးအပ်ပြီးဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် အစိုးရ နိကာယ်စာမေးပွဲ ကြီးကြပ်နာယက ဆရာတော်ကြီးများအား သွားရောက်ဖူး‌မြော်ခဲ့ပြီး ဖြေဆိုနေကြသည့် သံဃာတော်များအား အအေးဆက်ကပ်လှူဒါန်းခဲ့ကာ ပဲခူးမြို့၊ ဗုဒ္ဓအသံဓိမ္မဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွန်းမံ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့တွင်း ညဈေးဖွင့်လှစ်ရန် ဆောင်ရွက်နေမှုနှင့် ဟံသာဝတီမြို့ဟောင်း ကျုံးနှင့်ကျုံးပတ်လမ်း သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)