ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးတစ်ဦး ခန့်အပ်ရန်အဆိုပြုတင်ပြ

ပဲခူး  ၁၉  မတ်

 

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁)ရက်နေ့မြောက်၌    ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးတစ်ဦး ခန့်အပ် တာဝန်ပေးနိုင်ရေးအတွက် အမည်စာရင်းပါ ဒေါ်ခင်မာဆွေအားလွှတ်တော်သို့ တင်ပြရာ တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုဆုံးဖြတ်ပေးခဲ့​ကြောင်း သိရသည်။

 

အစည်းအဝေးကို မတ်လ(၁၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တက်ရောက်ခွင့်ရှိသူ(၇၅)ဦးအနက် (၆၁)ဦး တက်ရောက်ခဲ့သည်။

 

လွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ်တော် အကြံပေးအဖွဲ့သက်တမ်းတိုးမြှင့် ဖွဲ့စည်းခြင်းအား လွှတ်တော်မှသဘောထားရယူကာ အကြံပေးအဖွဲ့ဝင် တိုးချဲ့ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအား အမည်စာရင်းတင်သွင်နိုင်ကြောင်း ပြောကြားသည်။

 

ယင်းနောက်ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီးဥပဒေချုပ်တို့မှ တင်သွင်းသည့် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအား အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေငြာကာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ရပ်နားကြောင်းဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေငြာကြောင်း ပဲခူးခရိုင်ပြန်/ဆက်မှ သိရသည်။

 

 ဟိန်းထက်