ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပ

ပဲခူး ၁၅ ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်သော ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို  ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင် (၁၅)ရက် နံနက် ၉နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။     

 

ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်သြဝါဒစရိယ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မှုကြသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ဝန်ကြီးများ၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေကြသည်။

 

ယင်းနောက် “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီး ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆရာတော်သံဃာတော်(၁၀၈)ပါး ပင့်ဖိတ်ကာ ဝါဆိုသင်္ကန်းနှင့် အခြားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းဖြစ်ပြီး လှူဒါန်းမှုစုစုပေါင်း တန်ဖိုးငွေကျပ်(၅၆)သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှုးနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။

 

ဟိန်းထက်(ပဲခူး)

 

1