ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသော ကိုင်းကြီး(မြို)တိုင်းရင်းသားကျေးရွာရှိ နေအိမ်အဆောက် အအုံများလွှဲပြောင်းပေးအပ်

မောင်တော ၁၉  မေ  

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းသော နေအိမ်အဆောက်အအုံ ၆၄ လုံး လွှဲပြောင်းပေးအပ်ပွဲကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကိုင်းကြီး(မြို) တိုင်းရင်းသား ကျေးရွာတွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက အဆိုပါကျေးရွာ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုင်းကြီး(မြို)ကျေးရွာအတွက် လှူဒါန်းသော နေအိမ် အဆောက်အအုံ ၆၄ လုံးအား လွှဲပြောင်းပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်နှင့် ကျေးရွာ ရပ်မိရပ်ဖနှစ်ဦးတို့က လက်ခံရယူသည်။

 

“အခုလို ကျွန်တော်တို့တိုင်းရင်းသားတွေ မိသားစုဘဝလုံခြုံစေရေးအတွက်  ဒီလို အခိုင်အမာ အဆောက်အအုံတွေ လှူဒါန်းပေးတဲ့အတွက် ဝမ်းသာပါတယ်။ လူနေမှု ဘဝမြှင့်တင်ပေးတဲ့အတွက်ကြောင့် နောင်အနာဂတ် လူငယ်တွေ ဘဝလုံခြုံမှုကို ရရှိစေမှာဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။”ဟု ကျေးရွာရပ်မိရပ်ဖ တစ်ဦးဖြစ်သူ မြိုတိုင်းရင်းသား ဦးစံသိန်းက ပြောသည်။

 

ယင်းနောက် ကိုင်းကြီး(မြို)ကျေးရွာ၌ နေအိမ်များဆောက်လုပ်ရန် ငွေကျပ် သိန်း ၆၀ဝ၀ ကျော် လှူဒါန်းခဲ့မှုအတွက်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့က  ပေးအပ်သည့် ဂုဏ်ပြု မှတ်တမ်းလွှာကို  ပြည်နယ်ဝန်ကြီးချုပ် ဦညီပုက ပေးအပ်ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လက်ခံသည်။

 

ထို့နောက် ကိုင်းကြီး(မြို)ကျေးရွာအတွက် ဆောက်လုပ်လှူဒါန်းထားသော ကျေးရွာအိမ်ရာများကို ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကာ ကဗ္ပည်းမော်ကွန်းကျောက်စာကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ပေးကြသည်။

 

ယင်းနောက် ဝန်ကြီးချုပ်များနှင့်အဖွဲ့သည် ကိုင်းကြီး(မြို)ကျေးရွာအတွင်း ဆောက် လုပ်ထားသော နေအိမ်များအား လှည့်လည် ကြည့်ရှုကြပြီး အဆိုပါ ကျေးရွာအတွက် လှူဒါန်း ထားသော ဆိုလာမီးများနှင့် ထောက်ပံ့ပစ္စည်းများအား ပေးအပ်သည်။

 

“ဒီနေ့မှာတော့ တိုင်းရင်းသားတွေအတွက်လိုအပ်နေတဲ့နေအိမ်တွေကို ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့နဲ့ ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ဒေသခံတွေ၊ လုပ်ငန်းရှင်တွေ အားလုံးပူးပေါင်းပြီးတော့ လှူဒါန်းတဲ့ပွဲဖြစ်ပါတယ်။   နောက်ထပ်ပြီးတော့ ဒီမှာ လိုအပ်ချက်ရှိရင် ရှိသလို လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ ဥပမာ ကျောင်းတွေ၊ စာရေး ကိရိယာတွေ၊ ဆိုလာမီးတွေ၊ အခြားလူမှုရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ  လိုအပ်တာ ရှိရင်ထပ်ပြီးတော့ ကူညီပံ့ပိုးပေးသွားမှာပါ။ အဓိကတော့ ဒီနေရာက တစ်ကမ္ဘာလုံးက အာရုံစိုက်နေတာဖြစ်တဲ့ အတွက် တိ်ုင်းရင်းသားတွေ စုစုစည်းစည်းနဲ့ နေထိုင်တတ်တဲ့ ပုံစံလေး ဖြစ်အောင်၊ မိမိရဲ့ တိုင်းရင်းသားရိုးရာ စာပေတွေကို ထိန်းသိမ်းပြီးတော့ နိုင်ငံတော်ကရည်မှန်းဖော်ဆောင်နေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင် စုကြီး တည်ဆောက်ရေးမှာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ကြပါစေလို့ တိုက်တွန်း ပြောကြား လိ်ုပါတယ်” ဟု  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက အဆိုပါအခမ်း အနားအပြီး တွင် ပြောကြားသည်။

 

ကိုင်ကြီး(မြို)တိုင်းရင်းသားကျေးရွာရှိ နေအိမ် ၆၄ လုံးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မေ ၁၉ ရက်တွင် ဆောက်လုပ်ပြီးစီး ခဲ့သည်။ အဆိုပါ နေအိမ်များမှာ RC ၊ Steel Sturcture အမျိုးအစားဖြစ်ပြီး တစ်လုံး လျှင် ငွေကျပ် ၉၅ သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၆၀ဝ၀ ကျော် ကုန်ကျခဲ့ ကြောင်း သိရသည်။

 

ဇင်ဦး၊ နိုင်လင်းကြည်

 


ဓာတ်ပုံ  - သီဟစည်သူ