ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးမြှင့်ဂုဏ်ပြုခြင်း အခမ်းအနားကျင်းပ

ပဲခူး စက်တင်ဘာ ၁၂

 

ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးမြှင့်ဂုဏ်ပြုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းတို့က ပဲခူးတိုင်းဒေသကြီးအတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားများနှင့်အတူ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့မှုအပေါ် ဂုဏ်ပြုစကားများ ပြောကြားကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးချီးမြှင့်ငွေကျပ် (၁၀၅)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုလက်ဆောင်များကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဂုဏ်ပြုငွေကျပ်(၅)သိန်း၊ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုငွေကျပ်(၅)သိန်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဂုဏ်ပြုငွေကျပ်(၃)သိန်း ဂုဏ်ပြုချီးမြှင့်ကြသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့သည့် လက်နက်ခဲယမ်းများအား ကြည့်ရှုကြသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း စက်တင်ဘာလဆန်းအထိ အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားများနှင့်အတူ လက်နက်မျိုးစုံ (၃၆၉)လက်၊ ကျည်/ခဲယမ်းမျိုးစုံ (၁၀၈၇၁)တောင့်၊ ဗုံး(၉)လုံး၊ ကျည်အိမ်မျိုးစုံ (၅၅)ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့သည် ခေါင်းဆေးကျွန်းဘုန်းတော်ကြီးကျောင်း ဂန္ဓကုဋိတိုက် ပြန်လည်တည်ဆောက်ပေးနိုင်ရေး ပဓာနနာယကဆရာတော်ထံ လျှောက်ထားကာ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပဲခူးမြို့၊ အနောက်ဘက်မြို့ရှောင်လမ်းထောင့်ရှိ ဘုရင့်နောင်ရင်ပြင် တည်ဆောက်နေမှုကို  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်