ပဲခူးတိုင်းဒေသကြီးအတွင်း၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အခွန်လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

mdn

ပဲခူး စက်တင်ဘာ ၂၈
          
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အခွန်လျာထားချက်များ ပြည့်မီ ကျော်လွန်အောင် ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့  နံနက် ၁၀ နာရီ တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ကျင်းပသည်။
          
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ငွေများ ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် ရရှိရေးအတွက် သက်ဆိုင်ရာဌာန ဆိုင်ရာများကကောက်ခံကြရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် အခွန်ဆောင်သည့်ယဉ်ကျေးမှု တစ်ရပ်ဖြစ်ပေါ်လာစေရေး ပညာ ပေးဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ အခွန်ထမ်းပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေ ရေးနှင့် အခွန်ထမ်းအသစ်များ ထပ်မံဖော်ထုတ်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
          
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းဒေသကြီးအတွင်းရေးမှူးတို့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အခွန်လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိရေးဝိုင်းဝန်း အကြံပြု ဆွေးနွေးကြပြီး အစည်းအဝေးသို့ တက်ရောက် လာကြသည့် ဌာနဆိုင်ရာ တာဝန် ရှိသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အခွန်ရငွေနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေခွန်လျာ ထားချက်များကို ရှင်းလင်းတင်ပြကြသည်။
          
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က   မြို့နယ်အလိုက် အခွန်ရှောင်လုပ် ငန်းများကို ဖော်ထုတ်၍ တရားဝင်အခွန်ဆောင်စေရေးနှင့် ဓါတ်သတ္တုခွန်ပေးဆောင်ရသည့် လုပ်ငန်းများ တရားမဝင်ဆောင်ရွက်နေခြင်းများကို စိစစ်ကြီးကြပ်ဖော်ထုတ်သွားရန်၊ ငါးမွေးမြူရေးဇုန်များ ဖော် ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးရန် ပြောကြားခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)