ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

ပဲခူး ဒီဇင်ဘာ ၇

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ သင်တန်းခန်းမတွင် ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၏ အင်အားတစ်ခုတည်းနှင့် ဆောင်ရွက်၍မရဘဲ လယ်ယာလုပ်ငန်းခွင်တွင် လက်တွေ့လုပ်ကိုင်နေသည့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှာဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာများကို လယ်ယာလုပ်ငန်းခွင်၌ စနစ်တကျနည်းမှန်လမ်းမှန် အန္တရာယ်ကင်းကင်း သုံးစွဲနိုင်ရန်အတွက် တောင်သူအကျိုးပြု လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဦးသန်းထွန်းမှ စက်မှုလယ်ယာ သင်တန်းကျောင်း(ဘုရားကြီး)၏ သမိုင်းကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းဖွင့်လှစ်ပြီးစီးခဲ့မှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကာ စက်မှုလယ်ယာသင်တန်းကျောင်း (ဘုရားကြီး)ရှိ လယ်ယာသုံး စက်ကိရိယာများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၁/၂၀၂၁)အား ဒီဇင်ဘာ ၆ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့)မှ သင်းတန်းသား (၂၀)ဦး၊ ပဲခူးတိုင်းဒေသကြီး(အနောက်)မှ (၁၂)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၇)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၂)ဦး၊ ရခိုင်ပြည်နယ်မှ (၁)ဦး၊ စုစုပေါင်း သင်တန်းသား(၄၂)ဦးတို့အား လက်သုံးကိရိယာ၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ထွန်စက်ကြီး၊ Engine System, Clutch & Transmission, Front Axle, Steering& Drive Line, Rear Wheel Drive & Brake System, PTO & Hydraulic, Electrical System, Driving Method, Maintenance & Repair ထွန်ယက်ကိရိယာများ၏ အခြေခံသဘောတရားနှင့် ထွန်းယက်နည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘုရားကြီးမြို့ နေရပ်ပြန်များလက်ခံရေး စခန်းသို့ သွားရောက်၍ လုပ်အားပေးတာဝန် ထမ်းဆောင်နေကြသည့် ပရဟိတအဖွဲ့ဝင်များနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်းပေးရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပြီး နေရပ်ပြန်များ လက်ခံရေးစခန်း ပြောင်းရွေ့ဖွင့်လှစ်မည့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(ဘုရားကြီး) ဘဲမွေးမြူရေးစခန်းဝင်းအတွင်းရှိ အဆောက်အဦနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)