ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်လေးပင်နှင့် မဒေါက်ဆေးရုံများအား ကြည့်ရှုပြီး အလှူငွေနှင့် ကျန်းမာရေးအထောက်အကူပစ္စည်းများ ထောက်ပံ့ပေးအပ်

ပဲခူး၊ ၂၀ ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲက လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်များနှင့်အတူ ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် မဒေါက်မြို့ တိုက်နယ်ဆေးရုံသို့ သွားရောက်ကြည့်ရှုပြီး အလှူငွေနှင့် ကျန်းမာရေးအထောက်အကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဒန်တို့က ဆေးကုသပေးမှုအခြေအနေများ၊ ဆေးရုံတက်နေသည့် လူနာအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ဝန်ကြီးချုပ်က တက်ရောက်ကုသနေသော လူနာများအား ကြည့်ရှုအားပေးကာ ညောင်လေးပင်ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်သည့်နေရာ၌ အသုံးပြုရန်အတွက် ထောက်ပံ့ငွေ (၅)သိန်းကျပ်နှင့် ကျန်းမာရေးအထောက်အကူပစ္စည်းများအား ဆေးရုံအုပ်ကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်နှင့်အတူ မဒေါက်မြို့တိုက်နယ်ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံအုပ်ကြီးထံ ကျန်းမာရေးအထောက်အကူပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ပြီး အစည်းအဝေးခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး၊ အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ညောင်လေးပင်မြို့နယ်အတွင်းမှ မြေယာတိုင်ကြားစာများအား ကွင်းဆင်းစစ်ဆေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ အလှူငွေ (၅)သိန်းကျပ်နှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ပဲခူးခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ၊ ပါတီရုံးများအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းခဲ့သော ပြည်ထောင်စုခရီးလမ်း စာအုပ်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)

 

mdn