ပဲခူးတိုင်းတိုင်းဒေသကြီးတွင်  သီးနှံမျိုးသန့်ဇုန်များ ထူထောင် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကြိုးပမ်း

နေပြည်တော် မတ် ၁၀
    
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မတ်(၉)ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်းကြီးချုပ် ဦးမျိုးဆွေဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပဲခူးတိုင်းတိုင်းဒေသကြီး၌  သီးနှံမျိုးသန့်ဇုန်များထူထောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဒေသရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး သီးထပ် စိုက်ပျိုးနိုင်သည့် တန်းမြင့်ဆန် ရရှိနိုင်သည့် ရက်(၉၀)စပါးမျိုးကို တောင်သူများ စိုက်ပျိုး လာစေရေး၊စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား အကျိုးတူလယ်ယာစနစ် တိုးချဲ့ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်ရေး တွန်းအားပေး ဆောင်ရွက်ရန် ၊ စပါးအခြောက်ခံစက်များ အပါအဝင် လယ်ယာလုပ်ငန်းခွင်တွင် စက်ကိရိယာ တိုးမြှင့်သုံးစွဲနိုင်ရေး၊ မျိုးစေ့ထုတ်လုပ်ငန်းတွင် တောင်သူများကိုယ်တိုင် ပူးပေါင်း ပါဝင်ဆောင်ရွက်ရေး ၊ စိုက်ပျိုးရေရရှိရေးအတွက် ရေပေးမြောင်း ရေသွင်းမြောင်းများ ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် တာဝန်ရှိသူများသည် သနပ်ပင်မြို့ ရွှေဗျိုင်းဖြူကုမ္ပဏီတွင် ကျင်းပပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အထောက်အပံ့ ဖြင့် ပဲတီစိမ်းစိုက်ပျိုးကြမည့် တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေး‌နွေးပွဲသို့ တက်ရောက်အားပေးသည်။

တွေ့ဆုံစဉ် တောင်သူများ၏ ဆွေးနွေးတင်ပြမှုများအပေါ် ဒုတိယဝန်ကြီး က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စပါးအခြောက်ခံစက်နှင့် ပဲတီစိမ်းထုပ်ပိုး ထားမှုရှိမှုတို့ကို ကြည့်ရှုအားပေးသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး သည် ဘုရားကြီးမြို့ရှိ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်း သို့ရောက်ရှိကြပြီး သင်တန်းကျောင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ သင်တန်းကျောင်းအုပ်ကြီးက ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်အတွင်း သင်တန်းလျာထားချက်အပေါ် ဖွင့်လှစ်ပြီး၊ ဖွင့်လှစ်ဆဲ သင်တန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာဒုတိယဝန်ကြီး က ဖြည့်စွက် ဆွေးနွေးပြီး လိုအပ်သည်များ မှာကြားသည်။ 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၊ ကတုတ်ရွာ မကျေးရွာ၊ ဧက(၁၂၀) စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းခွင်နှင့် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြနေမှုကို ကြည့်ရှုအားပေးကြသည်။ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ လေဝင်လေထွက်ကောင်းမွန်သဖြင့် စပါးပင်များ သန်စွမ်းဖြစ်ထွန်းပြီးအထွက် နှုန်းကောင်းမွန်သဖြင့် တောင်သူများ ရွေးချယ်အသုံးပြုလျက်ရှိကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဒိုက်ဦးမြို့ ပေါက်တပင် မျိုးသန့်ခြံ ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ရွှေနံ့သာပေါ်ဆန်းမွှေး-၂ (ခေါင်နှံပျိုးခင်း)ကို ကြည့်ရှုစစ်ဆေးပြီး ခြံအဆင့်မြှင့်တင်ရန် လိုအပ်ချက်များ၊ တောင်သူများနှင့် ပူးပေါင်း၍ သုတေသနလုပ်ငန်း ဆောင်ရွက်ရန်နှင့် မျိုးစေ့သန့်စင်စက်များ အသုံးပြုနိုင်ရေးနှင့် လိုအပ်ချက်များကို တာဝန်ရှိသူများအားမှာကြားသည်။

အလားတူ ဒုတိယဝန်ကြီးသည် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ (ITC) ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်  နည်းပညာပံ့ပိုး ဆောင်ရွက်မှုလုပ်ငန်းများ ၊ ဆွာချောင်းတမံရေပိုလွှဲ ပုံစံငယ် (Physical Model) ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်