ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တောင်ကြီး-ဘန်းယဉ်ရထားပြေးဆွဲမှု ပြန်လည်စတင်နိုင်ခြင်း သို့မဟုတ် ငြိမ်းချမ်းခြင်းရဲ့ အသီးအပွင့်ရလဒ်ကောင်းတစ်ခု

အာကာမောင်မောင်

တောင်ကြီး-ဆိုက်ခေါင် လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ်ခရီးစဉ် အမှတ်(၁၅၃)အဆန် အမှတ်(၁၅၄)အစုန်ရထား ပြန်လည်ပြေးဆွဲခြင်း အခမ်းအနားဖွင့်လှစ်ခြင်းသတင်းကို စက်တင်ဘာ ၁ ရက်နေ့ည မြဝတီရုပ်မြင်သံကြားသတင်းတွင် တွေ့မြင်လိုက်ရပါတယ်။ မီးရထားလမ်းပိုင်းဖွင့်လှစ် ခြင်းသတင်းဟာ သာမန်သတင်းတစ်ပုဒ်လို့ ထင်ရပေမယ့် စာရေးသူအတွက်ကတော့ တကယ့်ကို ကြည်နူးချမ်းမြေ့ဖွယ်သတင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တောင်ကြီး-ဆိုက်ခေါင်ဒေသဆိုတာ ဟိုးအရင်က အလွန်ပဲလမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတစ်ခုဖြစ်ခဲ့လို့ပါပဲ။ 

ကောင်းကျိုးတွေများပြား

ဒီလိုလမ်းပန်းဆက်သွယ်မှု ခက်ခဲတဲ့ဒေသတွေကို လမ်းပန်းဆက်သွယ်မှုလွယ်ကူအောင်၊ ဒေသနေ တိုင်းရင်းသားတွေရဲ့ လူနေမှုဘဝမြင့်မားတိုးတက် အောင်လုပ်ဆောင်ပေးတဲ့အရာတွေထဲမှာ မီးရထား ဟာ အဓိကကျလှပါတယ်။ မီးရထားနဲ့ ခရီးသွားလာရတာဟာ သက်သာချောင်ချိမှုရှိပြီး ကောင်းကျိုးတွေ များပြားလှပါတယ်။ လူအများကို တစ်ပြိုင်တည်း တင်ဆောင်နိုင်သလို ကုန်ပစ္စည်းအများအပြားကိုလည်း တင်ဆောင်နိုင်ပါတယ်။ ကောင်းကျိုးတွေဟာ ရေးပြလို့မကုန်နိုင်အောင်ပါပဲ။ တွေ့မြင်လိုက်ရတဲ့ သတင်းမှာတော့ တောင်ကြီး-ဘန်းယဉ် ရထား လမ်းပိုင်းမှာ ပြေးဆွဲမယ့်ရထားကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရထားပေါ်မှာစီးနင်း လိုက်ပါကြတဲ့ ခရီးသွားပြည်သူတွေကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အမှတ်တရလက်ဆောင် ပစ္စည်းတွေပေးနေတာကို မြင်တွေ့လိုက်ရပါတယ်။ ခရီးသည်တွေရဲ့ ရွှင်ပြုံးနေတဲ့ မျက်နှာတွေဟာ သူတို့ရဲ့ဝမ်းသာမှုကို ဖော်ပြနေတာပါပဲ။ ခရီးသည်အများစုကတော့ ပအိုဝ်းတိုင်းရင်းသားတွေ ဖြစ်ပါ တယ်။ ဒီဒေသဟာလည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဖြစ်ပါတယ်။ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ် နဲ့ ပင်လောင်းမြို့နယ်တို့ဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ဖြစ်ပါတယ်။ ရိုးသားဖြူစင်ပြီး ချစ်စရာကောင်းလှတဲ့ ပအိုဝ်းတိုင်းရင်းသားဝတ်စုံလေးတွေနဲ့ ခရီးသွားတွေကိုမြင်လိုက်ရတော့ ဒီလိုမျိုး ရထားပြေးဆွဲပေးတဲ့အတွက် သူတို့ရင်ထဲမှာ ဘယ်လောက်များဝမ်းသာနေလိမ့်မလဲလို့ တွေးမိပါတယ်။ စာရေးသူဟာ နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာ အခုရထားလမ်းဖွင့်လှစ်တဲ့ဒေသတွေကို အကြိမ်များစွာ ရောက်ခဲ့ဖူးပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ရင်ထဲက ဝမ်းသာကြည်နူးမှုကို မှန်းဆနိုင်တာပါ။

ငြိမ်းချမ်းခြင်းရဲ့ တန်ဖိုး၊ ငြိမ်းချမ်းခြင်းရဲ့ အရသာကို သူတို့စံစားနေပြီလေ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တိုင်းပြည်ကို စတင်တာဝန်ယူခဲ့ပါတယ်။ တာဝန်ယူပြီးတာနဲ့ နိုင်ငံတော်အတွက် တစ်နည်းအားဖြင့် တိုင်းပြည်နဲ့လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံကဏ္ဍစုံမှနေ၍ အစွမ်းကုန် ဆောင်ရွက်နေတာတွေကို အားလုံးအသိပဲ ဖြစ်ပါတယ်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက် (၉)ရပ် ချမှတ်ဆောင်ရွက်နေသလို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှာလည်း တိုင်းရင်းသား ခေါင်းဆောင်အများအပြား ပါဝင်ဖွဲ့စည်းထားပါတယ်။

ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီး

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်တွေ ချမှတ်ဆောင်ရွက်လျက်ရှိရာမှာ အဓိကအကျဆုံး ကတော့ ငြိမ်းချမ်းရေးပါပဲ။ အရာရာတိုင်း၊ ကိစ္စရပ်တိုင်း အောင်မြင်မှုရှိအောင် လုပ်ဆောင်ဖို့ဆိုရင် ငြိမ်းချမ်းရေးဟာ အဓိကပါပဲ။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် တစ်နိုင်ငံလုံးလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းဖို့လို ပါတယ်။ ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂ဝ၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ် အဖြစ်သတ်မှတ်ပြီး ကြိုတင်ကန့်သတ်ချက်မထားဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ပါတယ်။ လက်ရှိအဖွဲ့ ၁၀ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိပါတယ်။ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်တွေ့ဆုံပြီး နှစ်ဖက်အမြင်နဲ့ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးကို ရှေးရှုဆွေးနွေးနေတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အောင်မြင်လျက်ရှိပါတယ်။ လက်ရှိမှာ ပထမအကြိမ်ဆွေးနွေးပြီးနောက် ဒုတိယအကြိမ် ထပ်မံဆွေးနွေးလျက်ရှိပါတယ်။

အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) အဖွဲ့လည်း ပါဝင်ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန် ၁၆ ရက်မှ ဇွန် ၁၈ ရက် အထိ ပထမအကြိမ်ဆွေးနွေးခဲ့ပြီး သြဂုတ် ၂၂ ရက်မှ ၂၆ ရက်အထိ ဒုတိယအကြိမ် ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုမျိုး ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုရလဒ် တွေကြောင့် လက်ရှိအခြေအနေကို အမှန်အတိုင်း သုံးသပ်ပြရရင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အေးချမ်းသာယာလျက်ရှိပါတယ်။ စက်တင်ဘာ ၁ ရက်မှာဖွင့်လှစ်လိုက်တဲ့ တောင်ကြီး-ဘန်းယဉ် ရထားပြေးဆွဲမှုကို ပြန်လည်စတင်နိုင်ခြင်းဟာ ငြိမ်းချမ်းခြင်းရဲ့သက်သေတစ်ခုလို့ ပြောနိုင်ပါတယ်။

တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်းမှာရှိတဲ့ တောင်ကြီးကနေ ဘန်းယဉ်အထိ ၃၃ ဒသမ ၇၁ မိုင် ပြန်လည်ဖွင့်လှစ်ပြီး အမှတ်(၁၅၃)အဆန်၊ (၁၅၄)အစုန်ရထားတွေ ပြန်လည်ပြေးဆွဲတဲ့အတွက် ဒေသခံပြည်သူတွေ ခရီးသွားလာမှုတွေ အဆင်ပြေသွားပါတယ်။ အဆင်ပြေသွားပါတယ်ဆိုတာထက် အများကြီးအဆင်ပြေပါတယ်လို့ ဆိုနိုင်ပါတယ်။ ဒေသထွက်ကုန်တွေဖြစ်တဲ့ နေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်သီး စတဲ့ သီးနှံတွေကို ရထားနဲ့ တောင်ကြီးမြို့ပေါ်အထိ တင်ပို့ရောင်းချနိုင်ပါတယ်။ ဒေသ ထွက်ကုန်အပြင် အခြားကုန်ပစ္စည်းတွေကိုလည်း ရထားနဲ့ သယ်ယူပို့ဆောင်နိုင်ပြီဖြစ်တဲ့အတွက် ကုန်ကျစရိတ် လွန်စွာသက်သာလှပါတယ်။

ငါးရက်တစ်ဈေး ဈေးနေ့တိုင်း ပြေးဆွဲ

မြန်မာနိုင်ငံ ဒေသအသီးသီးကလာတဲ့ ဧည့်သည်တွေ၊ ဒေသခံပြည်သူတွေဟာ ရထားစီးပြီး မွေတော် ကက္ကူဘုရားကို လွယ်လွယ်ကူကူသွားရောက် ဖူးမြော်နိုင်ကြပါတယ်။ ရထားပြေးဆွဲရာမှာ အမှတ် (၁၅၄)အစုန် လူစီးကုန်တင်ရထားဟာ ဘန်းယဉ်မှ ၀၅:၃၀ နာရီအချိန်ထွက်ခွာပြီး တောင်ကြီးကို ဝ၈:ဝဝ နာရီအချိန် ရောက်ရှိမှာဖြစ်ပါတယ်။ လမ်းခရီးတစ်လျှောက် ဘူတာများအနေနဲ့ ကက္ကူရပ်စခန်း၊ ဟမ်းဆီးဘူတာ၊ နောင်ကားရပ်စခန်း၊ ဖာမွန်းဘူတာ တွေမှာရပ်ပေးမှာဖြစ်ပြီး တောင်ကြီးဘူတာကနေ ၁၄:၃၀ နာရီအချိန်မှာ ပြန်လည်ထွက်ခွာပြီး ဘန်းယဉ်ဘူတာသို့ ၁၆:၅ဝ နာရီအချိန် ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ စတင်ပြေးဆွဲချိန်မှာ တောင်ကြီးဈေးနေ့ ငါးရက်တစ်ဈေး ဈေးနေ့တိုင်း ပြေးဆွဲပေးမှာ ဖြစ်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်အပေါ်ကြည့်ပြီး တိုးချဲ့ပြေးဆွဲပေးနိုင်အောင်လည်း ဆောင်ရွက် ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီရထားလမ်းပိုင်းမှာ ထူးခြားတာတစ်ခုရှိပါတယ်။ ဒါကလည်း နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့စက်ရုံတစ်ရုံဟာ တောင်ကြီးမြို့နယ် ပင်းပက်ဒေသမှာ တည်ရှိပါတယ်။ အဲဒီ စက်ရုံကတော့ တောင်ကြီးမြို့နယ် ပင်းပက်ဒေသ ပင်ငိုကျေးရွာအနီးမှာတည်ရှိတဲ့ အမှတ်(၂)သံမဏိ စက်ရုံ(ပင်းပက်)ဖြစ်ပါတယ်။ သံကျောက်ရိုင်းတွေကနေ သံအကောင်းစားသံမဏိတွေကို ကိုယ်ပိုင် ထုတ်လုပ်နိုင်တဲ့ စက်ရုံတစ်ခုဖြစ်ပါတယ်။ နောင်ကားလမ်းခွဲဘူတာ-ပင်းပက်လမ်းပိုင်းဟာ တောင်ကြီး- ဆိုက်ခေါင် ရထားလမ်းပိုင်းမှာ ရှိနေတာမို့ အခုလိုမျိုး ရထားပြေးဆွဲပေးခြင်းဖြင့် နိုင်ငံ့ စီးပွားရေးကိုလည်း အထောက်အကူပြုစေမှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်လမ်းညွှန်မှု၊ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ကြိုးပမ်းမှုနဲ့ ငြိမ်းချမ်းရေးရရှိနေခြင်းရဲ့ ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတဲ့အတိုင်း ပအိုဝ်းက ၄၀ ဒသမ ၁၆ ရာခိုင်နှုန်း၊ ရှမ်းက ၆ ဒသမ ၄၃ ရာခိုင်နှုန်း၊ ဗမာက ၃၈ ဒသမ ၁၇ ရာခိုင်နှုန်းနဲ့အခြားတိုင်းရင်းသားတွေက ၁၅ ဒသမ ၂၄ ရာခိုင်နှုန်းခန့် နေထိုင်ကြတာဖြစ်ပါတယ်။ ဒေသမှာထွက်ရှိတဲ့ သီးနှံတွေကတော့ ထောပတ်သီး၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ နာနတ်၊ နေကြာနဲ့ ဟင်းသီးဟင်းရွက်အစုံ ထွက်ရှိပါတယ်။ မွေးမြူရေးအနေနဲ့ ကြက်၊ ဝက်နဲ့ နွား မွေးမြူကြပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြင်းထန် နေတဲ့အချိန်တုန်းက ဒေသထွက်ကုန်ပစ္စည်းတွေ ပို့ဆောင်ဆက်သွယ်မှုမလွယ်ကူလို့ ရောင်းဝယ်မှု ရပ်တန့်နေတာမျိုးကြုံခဲ့ဖူးပါတယ်။ အဲဒီတုန်းက လည်း တပ်မတော်က သတ်မှတ်ကာလပေါက်ဈေးအတိုင်း ဝယ်ယူပေးခဲ့ပါတယ်။ အခုလို မီးရထား ပြေးဆွဲနေပြီဖြစ်တဲ့အတွက် ပို့ဆောင်ဆက်သွယ်မှု အခက်အခဲတွေလည်းပြေလည်လာမှာ ဖြစ်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်(၅)ရပ်မှာ ပထမဆုံးအချက်အနေနဲ့ သတ်မှတ်ထားတာကတော့ ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးပဲ ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးအတွက် အခုလို မီးရထားဖွင့်လှစ်ပေးလိုက်တာဟာ ဒေသခံပြည်သူတွေအတွက်တော့ ကောင်းမွန်တဲ့ ဆုလာဘ်ကြီးတစ်ခုလို့ ပြောဆိုနေကြပါတယ်။ တောင်ကြီးမြို့မှာ လူဦးရေ ၂၃၃၈၄၂ ဦးခန့်နဲ့ ကျေးလက်နေလူဦးရေဟာ ၁၇၀၇၆၉ ဦးခန့် နေထိုင် ကြတာမို့ စုစုပေါင်းလူဦးရေ ၄၀၄၆၁၁ ဦးခန့်ရှိတဲ့ ဒေသတစ်ခုလို့ ခန့်မှန်းနိုင်ပါတယ်။ 

နိုင်ငံတော်ကြီးကို ဘက်စုံကဏ္ဍစုံက ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိရာမှာ လမ်းပန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးဟာလည်း အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။ စက်သုံးဆီ ချွေတာရေးအတွက် အများပိုင်သယ်ယူပို့ဆောင်ရေး ယာဉ်များနဲ့ ခရီးသွားလာရန်လိုအပ်နေချိန်မှာ မီးရထားနဲ့ခရီးသွားခြင်းဟာ အကောင်းမွန်ဆုံး အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခံတိုင်းရင်းသားတွေဟာ ကုန်ကျစရိတ်သက်သာစွာ ရထားနဲ့ခရီးသွားလာနိုင်ပြီး ဒေသထွက်ကုန်တွေကိုလည်း မြို့ပေါ်အထိသယ်ယူ ပို့ဆောင်ပြီး ရောင်းချနိုင်ပြီဖြစ်ပါတယ်။ ရထားနဲ့ သယ်ယူပို့ဆောင်ခြင်းဟာ စရိတ်စကနည်းတဲ့အတွက် ဒေသခံပြည်သူတွေ အကျိုးအမြတ်ပိုမိုရရှိစေမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကြီးမှာ တက္ကသိုလ်ရှိနေတဲ့အတွက် အဆင့်မြင့်ပညာသင်ကြား နေသူတွေအတွက် ရထားခရီးစဉ်နဲ့ သွားလာမှု လွယ်ကူတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့မှာ တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းအား ရထားပြန်လည်ပြေးဆွဲနိုင်ရေး သတ်မှတ်စံချိန်စံညွှန်းနဲ့ အညီ ပြုပြင်ဆောင်ရွက်ရန် လမ်းညွှန်ချက်အရ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ စတင်ပြုပြင် ဆောင်ရွက်ခဲ့ပါတယ်။ တောင်ကြီးမှ ဆိုက်ခေါင်အထိ ၄၀ ဒသမ ၆၇ မိုင်ကို ပြုပြင်ရာမှာ ကွန်ကရစ်ဇလီ ဖားတုံး ၅၈၇၈ဝ၊ လမ်းခင်းကျောက် ၁၀၇၇၃ ကျင်း ဖြည့်တင်းဆောင်ရွက်ခဲ့ပါတယ်။ လမ်းမြှောက်ပါကင် ရိုက်ခြင်း၊ သံလမ်းအဆက်ညှိခြင်း၊ လမ်းဘေးဝဲယာတောများ ခုတ်ထွင်ရှင်းလင်းခြင်းတွေ ဆောင်ရွက် ခဲ့ပါတယ်။ ဒါတွေဟာ ရထားလမ်းပိုင်း ကြံ့ခိုင်တောင့်တင်းမှုရှိစေရေး ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြန်လည်ပြေးဆွဲ

၂ဝ၂၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က “တောင်ကြီး-ဆိုက်ခေါင် ရထားလမ်း ပြုပြင်ပြီးပြီဖြစ်သဖြင့် ရထားပြန်လည်ပြေးဆွဲရေးစီစဉ်ဆောင်ရွက်သွားရန်” လမ်းညွှန်မှာကြားချက်အရ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၀ ရက်မှာ ယာယီရပ်နားထားခဲ့တဲ့ တောင်ကြီး- ဆိုက်ခေါင်လမ်းပိုင်းအတွင်း တောင်ကြီးမှ ဘန်းယဉ်အထိ ၃၃ ဒသမ ၇၁ မိုင်အား ၂ဝ၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ ပြန်လည်ပြေးဆွဲခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ နိုင်ငံတော်ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ရထားဖြင့်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းဟာ အရေးပါဆဲဖြစ်တာကြောင့် “ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ဦးဆောင်မှုအရ မြန်မာ့မီးရထား၏လုပ်ငန်းတာဝန်ဖြစ်တဲ့ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင် သူများ စိတ်ချမ်းမြေ့အဆင်ပြေစေရေး အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ 

ဒီနေရာမှာ စာဖတ်သူတွေ ဗဟုသုတရစေဖို့ စာရေးသူလေ့လာသိရှိသမျှ မြန်မာ့မီးရထားရဲ့ ပြည်သူတွေ သွားလာရေးအဆင်ပြေစေဖို့ မီးရထားလမ်း တိုးချဲ့ဖောက်လုပ်နေမှုတွေကို ဖော်ပြပေးပါဦးမယ်။ မြန်မာနိုင်ငံမှာ ရထားလုပ်ငန်းစတင်ခဲ့တဲ့ ၁၈၇၇ ခုနှစ်မှ လွတ်လပ်ရေးမရမီ ၁၉၄၈ ခုနှစ်အထိ ရထားလမ်း ခရီးမိုင် ၁၉၂၄ မိုင်နဲ့ ဘူတာရုံပေါင်း ၄၇၆ ခု ဆောက်လုပ်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး နောက် ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ရထားလမ်းခရီးမိုင် ၅၄ မိုင်နဲ့ ဘူတာရုံ ၁၁ ခု တည်ဆောက် နိုင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ ရထားလမ်းခရီးမိုင် ၁၈၂၂ မိုင်နဲ့ ဘူတာရုံ ၄၇၃ ခု ထပ်မံတိုးချဲ့ ဖောက်လုပ်တည်ဆောက်နိုင်ခဲ့တဲ့အတွက် နိုင်ငံတစ်ဝန်းလုံးမှာ ရထားလမ်းခရီး မိုင်ပေါင်း ၃၈၀၀ နဲ့ ဘူတာရုံ ပေါင်း ၉၆၀ ရှိနေပြီ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်ကို တာဝန်ယူပြီးနောက် နိုင်ငံတော်အကြီးအကဲက ရထားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကအလေးထားပြီး လမ်းညွှန်မှုများပေးခဲ့ရာမှာ ရထားလမ်းများ ကြံ့ခိုင်ကောင်းမွန်စေရေးအတွက် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေအတိုင်း တိကျစွာ လိုက်နာပြီး ရေရှည်အသုံးပြုနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ရန်၊ ရထားလမ်းများ ပြုပြင် ထိန်းသိမ်းခြင်းနဲ့ ထပ်မံတိုးချဲ့ဖောက်လုပ်ခြင်း လုပ်ငန်းများတွင် ပြည်တွင်းအင်ဂျင်နီယာပညာရှင် များကို အဓိကထားအသုံးပြု၍ နည်းပညာများ တိုးတက်ဆောင်ရွက်ရန်၊ အနာဂတ်တွင် လျှပ်စစ် ရထားပြေးဆွဲနိုင်ရေး ကြိုတင်စဉ်းစားဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပါတယ်။ 

လက်ရှိမှာတော့ အဓိကအရေးပါတဲ့ ရထားလမ်းမကြီးတွေအနက် ရန်ကုန်-မန္တလေးနဲ့ ရန်ကုန် မြို့ပတ်လမ်းတွေကို ဂျပန်နိုင်ငံ JICA ရဲ့ ဖွံ့ဖြိုးမှု ရန်ပုံငွေနဲ့ နိုင်ငံတော်ဘဏ္ဍာငွေမှကျခံပြီး ရထား လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မန္တလေး-မြစ်ကြီးနား ရထား လမ်းပိုင်းကိုလည်း အဆင့်မြှင့်တင်နိုင်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံရဲ့ ဖွံ့ဖြိုးမှုရန်ပုံငွေနဲ့ ဆောင်ရွက်နေပါတယ်။ မြန်မာ့မီးရထားအနေနဲ့ ၂၀၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်ဘဏ္ဍာ ငွေမှ ကျခံ၍ မြင်းခြံ-သာစည်၊ သာစည်-ရွှေညောင်၊ ရွှေညောင်-တောင်ကြီး၊ တောင်ကြီး-ဆိုက်ခေါင်၊ ဇီးပင်ကြီး-ပြင်ဦးလွင်-ဂုတ်ထိပ်၊ မန္တလေးမြို့ပတ်ရထားလမ်းပိုင်းတွေ အဆင့်မြှင့်တင် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းနဲ့ နောင်ကား-ပင်းပက်လမ်းပိုင်း တိုးချဲ့ ဖောက်လုပ်ခြင်းတွေ ဆောင်ရွက်နေပါတယ်။ နောင်ကား-ပင်းပက်လမ်းပိုင်းဟာ အထက်မှာပြောခဲ့တဲ့ နိုင်ငံတော်အတွက် အရေးကြီးတဲ့သံမဏိစက်ရုံ အတွက် အကျိုးပြုမယ့်လမ်းလည်း ဖြစ်ပါတယ်။ 

မြန်မာ့မီးရထားအနေနဲ့ကတော့ နိုင်ငံတစ်ဝန်းလုံး ကွန်ရက်သဖွယ်ဆက်သွယ်နိုင်တဲ့ ရထားလမ်းတွေ တိုးချဲ့ဖောက်လုပ်နေပါတယ်။ မူဆယ်မှ မန္တလေးအထိ ရထားလမ်းသစ်ဖောက်လုပ်နိုင်ဖို့ စီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှုလုပ်ငန်းတွေ လုပ်ဆောင် နေပါတယ်။ ဒါ့အပြင် မန္တလေးကနေ ကျောက်ဖြူ အထိ ရထားလမ်းအသစ် ဖောက်လုပ်နိုင်ရေးအတွက် စီမံကိန်းဖြစ်မြောက်နိုင်ခြေ လေ့လာမှုလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါတွေဟာ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် မြန်မာ့ မီးရထားက ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မှု အစီအစဉ်တွေကို တင်ပြခြင်းဖြစ်ပါတယ်။

လူစီးရထား ၅၄ စင်း ပြေးဆွဲပေးလျက်ရှိ

ခရီးသွားပြည်သူတွေ လွယ်လွယ်ကူကူ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားကပြေးဆွဲနေတဲ့ အခြေအနေတွေကို လေ့လာမိသလောက် ပြောရရင် ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ အမြန်ရထား လေးစင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းမှာ အမြန်ရထား နှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းမှာ အမြန်ရထား နှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-ပဲခူးလမ်းပိုင်းမှာ RBE ရထား နှစ်စင်း၊ ပုသိမ်-ဟင်္သာတ- ကြံခင်းလမ်းပိုင်း မှာ စာပို့ရထား နှစ်စင်း၊ ပျဉ်းမနား-တောင်တွင်းကြီး လမ်းပိုင်းမှာ လူစီးကုန်တင်ရထား နှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းမှာ စာပို့ရထား နှစ်စင်း၊ ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်းမှာ အမြန်ရထား နှစ်စင်း၊ ပြည်တော်သာ-ရေချမ်းပြင်လမ်းပိုင်းမှာ RBE ရထားလေးစင်း၊ တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်း မှာ လူစီးကုန်တင်ရထား နှစ်စင်း စုစုပေါင်း ၂၈ စင်းနဲ့ ရန်ကုန်မြို့ပတ်ရထား ၂၆ စင်း စုစုပေါင်း လူစီးရထား ၅၄ စင်း ပြေးဆွဲပေးလျက်ရှိပါတယ်။ ဒါတွေကတော့ မြန်မာ့မီးရထားရဲ့ စွမ်းဆောင်ချက်တွေကို အနှစ်ချုပ် တင်ပြပေးခြင်းဖြစ်ပါတယ်။ 

နိုင်ငံတော်ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ရထားနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဟာ လွန်စွာအရေးပါတဲ့လုပ်ငန်းဖြစ်ပါတယ်။ “ပို့ဆောင် ဆက်သွယ် ပြည်ကျိုးရွယ်”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်များအရ မြန်မာ့မီးရထားနဲ့ လုပ်ငန်းတာဝန်တွေ ဖြစ်တဲ့ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်သူများ စိတ်ချမ်းမြေ့အဆင်ပြေစေရေး အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ စက်တင်ဘာ ၁ ရက်က ဖွင့်လှစ်ပေးခဲ့တဲ့ တောင်ကြီး-ဘန်းယဉ် မီးရထားခရီးစဉ်ဟာ ဒေသခံပြည်သူတွေအတွက် ရာခိုင်နှုန်းပြည့် ကောင်းကျိုးချမ်းသာဖြစ်စေပါတယ်။ ဒေသခံပြည်သူတွေရဲ့ ရင်တွင်းစကားသံတွေကိုလည်း နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ ဝမ်းမြောက်ရွှင်လန်းစွာ တွေ့မြင်လိုက်ကြပြီး ဖြစ်ပါတယ်။ နယ်မြေဒေသအေးချမ်းတည်ငြိမ်မှုရှိခြင်း၊ ပြည်သူလူထုကိုယ်တိုင်က အဖျက်သမားတွေကို ရွံရှာမုန်းတီးကာ လက်ခံမှုမပြုခြင်းတို့ကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ ချမ်းမြေ့ပျော်ရွှင်စရာဖြစ်နေပါပြီ။ ဘုရားသွား၊ ကျောင်းတက်၊ ဈေးဝယ်ထွက်ဖို့ ရထားကလည်း အဆင်သင့်ရှိနေပြီ ဖြစ်ပါတယ်။ ဥဩသံပေး ထာဝရပြေးဆွဲနိုင်ရေးအတွက် မီးရထားရဲ့ အဓိကကျတဲ့ လုံခြုံစိတ်ချရမှု၊ အချိန်မှန်ကန်မှုရှိစေရေး မြန်မာ့မီးရထားအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ မီးရထား လုပ်ငန်းတွေ တည်တံ့ခိုင်မြဲအောင် ပြည်သူတစ်ရပ်လုံးအနေနဲ့ အသိစိတ်မြင့်မားစွာနဲ့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ လိုအပ်လှပါတယ်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁ နှစ် နှင့် ၆ လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှု နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းတွင် “ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်နဲ့လူမှုစီးပွားဘဝတွေကို တည်ဆောက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ “ရှေ့သို့ လှမ်းမည်၊ ပန်းတိုင်ဆီ”(Keep Moving Forward to Achieve Our Goal)ဆိုတဲ့အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝတွေကို တည်ဆောက်ပေးသွားမှာဖြစ်ကြောင်း တိုင်းရင်းသား ပြည်သူလူထုကို အသိပေးပြောကြားလိုပါတယ်” ဟူ၍ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုတဲ့အတိုင်း “ပို့ဆောင် ဆက်သွယ် ပြည်ကျိုးရွယ်” ဆောင်ပုဒ်နဲ့အညီ မီးရထားလမ်းကြောင်းများ ပိုမိုပေါ်ထွန်းလာရေး ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်။ ။