ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တောင်ကြီး - ဘန်းယဉ်ရထားပြေးဆွဲမှု ပြန်လည်စတင်နိုင်ခြင်း သို့မဟုတ် ငြိမ်းချမ်းခြင်းရဲ့ အသီးအပွင့်ရလဒ်ကောင်းတစ်ခု

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တောင်ကြီး - ဘန်းယဉ်ရထားပြေးဆွဲမှု ပြန်လည်စတင်နိုင်ခြင်း သို့မဟုတ် ငြိမ်းချမ်းခြင်းရဲ့ အသီးအပွင့်ရလဒ်ကောင်းတစ်ခု

 

အာကာမောင်မောင်

 

တောင်ကြီး - ဆိုက်ခေါင် လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ်ခရီးစဉ် အမှတ် (၁၅၃)အဆန်၊ အမှတ် (၁၅၄)အစုန်ရထား ပြန်လည်ပြေးဆွဲခြင်း အခမ်းအနား ဖွင့်လှစ်ခြင်းသတင်းကို စက်တင်ဘာ ၁ ရက်နေ့ည မြဝတီရုပ်မြင်သံကြားသတင်း တွင် တွေ့မြင်လိုက်ရပါတယ်။ မီးရထား လမ်းပိုင်းဖွင့်လှစ်ခြင်း သတင်းဟာ သာမန်သတင်းတစ်ပုဒ်လို့ ထင်ရပေမယ့် စာရေးသူအတွက်ကတော့ တကယ့်ကို ကြည်နူးချမ်းမြေ့ဖွယ်သတင်းပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တောင်ကြီး - ဆိုက်ခေါင် ဒေသဆိုတာ ဟိုးအရင်က အလွန်ပဲလမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတစ်ခုဖြစ် ခဲ့လို့ပါပဲ။

 

ကောင်းကျိုးတွေဟာ ရေးပြလို့မကုန်နိုင်

 

ဒီလိုလမ်းပန်းဆက်သွယ်မှု ခက်ခဲတဲ့ ဒေသတွေကို လမ်းပန်းဆက်သွယ်မှု လွယ်ကူအောင်၊ ဒေသနေ တိုင်းရင်းသားတွေရဲ့ လူနေမှုဘဝ မြင့်မားတိုးတက်အောင် လုပ်ဆောင်ပေးတဲ့ အရာတွေထဲမှာ မီးရထားဟာ အဓိကကျလှပါတယ်။ မီးရထားနဲ့ ခရီးသွားလာရတာဟာ သက်သာချောင်ချိမှုရှိပြီး ကောင်းကျိုး တွေ များပြားလှပါတယ်။ လူအများကို တစ်ပြိုင်တည်း တင်ဆောင်နိုင်သလို ကုန်ပစ္စည်း အများအပြားကိုလည်း တင်ဆောင်နိုင်ပါတယ်။ ကောင်းကျိုး တွေဟာ ရေးပြလို့မကုန်နိုင်အောင်ပါပဲ။ တွေ့မြင်လိုက်ရတဲ့ သတင်းမှာတော့ တောင်ကြီး-ဘန်းယဉ် ရထားလမ်းပိုင်းမှာ ပြေးဆွဲမယ့်ရထားကို တာဝန်ရှိသူတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရထားပေါ်မှာ စီးနင်းလိုက်ပါကြတဲ့ ခရီးသွား ပြည်သူတွေကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းတွေပေးနေတာကို မြင်တွေ့လိုက် ရပါတယ်။ ခရီးသည်တွေရဲ့ ရွှင်ပြုံးနေတဲ့ မျက်နှာတွေဟာ သူတို့ရဲ့ ဝမ်းသာမှုကို ဖော်ပြနေတာပါပဲ။

 

ခရီးသည်အများစုကတော့ ပအိုဝ်း တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ ဒီဒေသဟာလည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်ပါတယ်။ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နဲ့ ပင်လောင်းမြို့နယ်တို့ဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ဖြစ်ပါတယ်။ ရိုးသားဖြူစင်ပြီး ချစ်စရာကောင်းလှတဲ့ ပအိုဝ်းတိုင်းရင်းသား ဝတ်စုံလေးတွေနဲ့ ခရီးသွားတွေကို မြင်လိုက်ရတော့ ဒီလိုမျိုးရထားပြေးဆွဲပေးတဲ့အတွက် သူတို့ရင်ထဲမှာ ဘယ်လောက်များ ဝမ်းသာနေလိမ့်မလဲလို့ တွေးမိပါတယ်။ စာရေးသူဟာ နိုင်ငံ့ ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်မှာ အခုရထားလမ်းဖွင့်လှစ်တဲ့ ဒေသတွေကို အကြိမ်များစွာ ရောက်ခဲ့ဖူးပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ရင်ထဲက ဝမ်းသာ ကြည်နူးမှုကို မှန်းဆနိုင်တာပါ။

 

ငြိမ်းချမ်းခြင်းရဲ့တန်ဖိုး၊ ငြိမ်းချမ်းခြင်းရဲ့အရသာကို သူတို့စံစားနေရပြီလေ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တိုင်းပြည်ကို စတင်တာဝန်ယူခဲ့ပါတယ်။ တာဝန်ယူပြီးတာနဲ့ နိုင်ငံတော်အတွက် တစ်နည်းအားဖြင့် တိုင်းပြည်နဲ့လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံ ကဏ္ဍစုံမှနေ၍ အစွမ်းကုန်ဆောင်ရွက် နေတာတွေကို အားလုံးအသိပဲဖြစ်ပါတယ်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည် ချက်(၉)ရပ် ချမှတ်ဆောင်ရွက်နေသလို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှာလည်း တိုင်းရင်းသားခေါင်းဆောင် အများအပြား ပါဝင်ဖွဲ့စည်းထားပါတယ်။

 

ဒုတိယအကြိမ် ထပ်မံဆွေးနွေး

 

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်တွေ ချမှတ်ဆောင်ရွက်လျက်ရှိရာမှာ အဓိကအကျဆုံးကတော့ ငြိမ်းချမ်းရေးပါပဲ။ အရာရာတိုင်း၊ ကိစ္စရပ်တိုင်း အောင်မြင်မှုရှိအောင် လုပ်ဆောင်ဖို့ဆိုရင် ငြိမ်းချမ်းရေးဟာ အဓိကပါပဲ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် တစ်နိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းစေဖို့ လိုပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ကြိုတင်ကန့်သတ်ချက် မထားဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ပါတယ်။ လက်ရှိအဖွဲ့ ၁၀ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိပါတယ်။ နိုင်ငံတော် အကြီးအကဲကိုယ်တိုင်တွေ့ဆုံပြီး နှစ်ဖက်အမြင်နဲ့ တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေးကို ရှေးရှုဆွေးနွေးနေတဲ့ အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အောင်မြင်လျက်ရှိပါတယ်။ လက်ရှိမှာ ပထမအကြိမ် ဆွေးနွေးပြီးနောက် ဒုတိယအကြိမ် ထပ်မံဆွေးနွေးလျက် ရှိပါတယ်။

 

အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) အဖွဲ့လည်း ပါဝင် ပါတယ်။၂၀၂၂ ခုနှစ် ဇွန် ၁၆ ရက်မှ ဇွန် ၁၈ ရက်အထိ ပထမအကြိမ်ဆွေးနွေးခဲ့ပြီး ဩဂုတ် ၂၂ ရက်မှ ၂၆ ရက်အထိ ဒုတိယ အကြိမ် ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုမျိုး ကောင်းမွန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုရလဒ်တွေကြောင့် လက်ရှိအခြေအနေကို အမှန်အတိုင်းသုံးသပ်ပြရရင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ အေးချမ်းသာယာလျက် ရှိပါတယ်။ စက်တင်ဘာ ၁ ရက်မှာ ဖွင့်လှစ်လိုက်တဲ့ တောင်ကြီး-ဘန်းယဉ် ရထားပြေးဆွဲမှုကို ပြန်လည်စတင်နိုင်ခြင်းဟာ ငြိမ်းချမ်း ခြင်းရဲ့ သက်သေတစ်ခုလို့ ပြောနိုင်ပါတယ်။

 

တောင်ကြီး - ဆိုက်ခေါင် ရထားလမ်း ပိုင်းမှာရှိတဲ့ တောင်ကြီးကနေ ဘန်းယဉ် အထိ ၃၃ ဒသမ ၇၁ မိုင် ပြန်လည် ဖွင့်လှစ်ပြီး အမှတ်(၁၅၃)အဆန်၊ (၁၅၄)အစုန်ရထားတွေ ပြန်လည်ပြေးဆွဲတဲ့ အတွက် ဒေသခံပြည်သူတွေ ခရီးသွား လာမှုတွေ အဆင်ပြေသွားပါတယ်။ အဆင်ပြေသွားပါတယ် ဆိုတာထက် အများကြီး အဆင်ပြေပါတယ်လို့ဆိုနိုင် ပါတယ်။ ဒေသထွက်ကုန်တွေဖြစ်တဲ့ နေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်သီး စတဲ့သီးနှံတွေကို ရထားနဲ့ တောင်ကြီး မြို့ပေါ်အထိ တင်ပို့ရောင်းချနိုင်ပါတယ်။ ဒေသထွက်ကုန်အပြင် အခြားကုန်ပစ္စည်း တွေကိုလည်း ရထားနဲ့သယ်ယူပို့ဆောင် နိုင်ပြီဖြစ်တဲ့အတွက် ကုန်ကျစရိတ် လွန်စွာသက်သာလှပါတယ်။

 

တိုးချဲ့ပြေးဆွဲပေးနိုင်အောင်ဆောင်ရွက်

 

မြန်မာနိုင်ငံ ဒေသအသီးသီးကလာတဲ့ ဧည့်သည်တွေ၊ ဒေသခံပြည်သူတွေဟာ ရထားစီးပြီး မွေတော်ကက္ကူ ဘုရားကို လွယ်လွယ်ကူကူ သွားရောက်ဖူးမြော်နိုင်ကြပါတယ်။ ရထားပြေးဆွဲရာမှာ အမှတ်(၁၅၄) အစုန်လူစီးကုန်တင် ရထားဟာ ဘန်းယဉ်မှ ဝ၅:၃၀ နာရီအချိန်ထွက်ခွာပြီး တောင်ကြီးကို ဝ၈:ဝဝ နာရီအချိန် ရောက်ရှိမှာဖြစ်ပါတယ်။ လမ်းခရီး တစ်လျှောက် ဘူတာများအနေနဲ့ ကက္ကူ ရပ်စခန်း၊ ဟမ်းဆီးဘူတာ၊ နောင်ကား ရပ်စခန်း၊ ဖာမွန်းဘူတာတွေမှာ ရပ်ပေး မှာဖြစ်ပြီး တောင်ကြီးဘူတာကနေ ၁၄:၃၀ နာရီအချိန်မှာ ပြန်လည်ထွက်ခွာ ပြီး ဘန်းယဉ်ဘူတာသို့ ၁၆:၅၀ နာရီ အချိန် ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ စတင်ပြေးဆွဲချိန်မှာ တောင်ကြီးဈေးနေ့ ၅ ရက်တစ်ဈေး ဈေးနေ့တိုင်းပြေးဆွဲပေးမှာဖြစ်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက် အပေါ်ကြည့်ပြီး တိုးချဲ့ပြေးဆွဲပေးနိုင် အောင်လည်း ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒီရထားလမ်းပိုင်းမှာ ထူးခြားတာ တစ်ခုရှိပါတယ်။ ဒါကလည်း နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ စက်ရုံတစ်ရုံဟာ တောင်ကြီးမြို့နယ် ပင်းပက်ဒေသမှာ တည်ရှိပါတယ်။ အဲဒီစက်ရုံကတော့ တောင်ကြီးမြို့နယ် ပင်းပက်ဒေသ ပင်ငို ကျေးရွာအနီးမှာတည်ရှိတဲ့ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) ဖြစ်ပါတယ်။ သံကျောက်ရိုင်းတွေကနေ သံအကောင်းစား သံမဏိတွေကို ကိုယ်ပိုင်ထုတ်လုပ် နိုင်တဲ့ စက်ရုံတစ်ခုဖြစ်ပါတယ်။ နောင်ကားလမ်းခွဲဘူတာ - ပင်းပက် လမ်းပိုင်းဟာ တောင်ကြီး - ဆိုက်ခေါင် ရထားလမ်းပိုင်းမှာရှိနေတာမို့ အခုလိုမျိုး ရထားပြေးဆွဲပေးခြင်းဖြင့် နိုင်ငံ့စီးပွား ရေးကိုလည်း အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။ ဒါဟာနိုင်ငံတော်အစိုးရရဲ့ဦးဆောင်လမ်းညွှန်မှု၊ သက်ဆိုင်ရာ ဝန်ကြီး ဌာနရဲ့ ကြိုးပမ်းမှုနဲ့ ငြိမ်းချမ်းရေးရရှိနေ ခြင်းရဲ့ ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတဲ့အတိုင်း ပအိုဝ်းက ၄၀ ဒသမ ၁၆ ရာခိုင်နှုန်း၊ ရှမ်းက ၆ ဒသမ ၄၃ ရာခိုင်နှုန်း၊ ဗမာက ၃၈ ဒသမ ၁၇ ရာခိုင် နှုန်းနဲ့ အခြားတိုင်းရင်းသားတွေက ၁၅ ဒသမ ၂၄ ရာခိုင်နှုန်းခန့် နေထိုင်ကြ တာဖြစ်ပါတယ်။ ဒေသမှာထွက်ရှိတဲ့ သီးနှံတွေကတော့ ထောပတ်၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ နာနတ်၊ နေကြာနဲ့ ဟင်းသီး ဟင်းရွက်အစုံထွက်ရှိပါတယ်။ မွေးမြူ ရေးအနေနဲ့ ကြက်၊ ဝက်နဲ့ နွားမွေးမြူကြ ပါတယ်။ ကိုဗစ် - ၁၉ ရောဂါကူးစက်မှု ပြင်းထန်နေတဲ့အချိန်တုန်းက ဒေသ ထွက်ကုန်ပစ္စည်းတွေ ပို့ဆောင် ဆက်သွယ်မှု မလွယ်ကူလို့ ရောင်းဝယ်မှု ရပ်တန့်နေတာမျိုး ကြုံခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း တပ်မတော်ကပဲ သတ်မှတ်ကာလ ပေါက်ဈေးအတိုင်း ဝယ်ယူပေးခဲ့ပါတယ်။ အခုလို မီးရထား ပြေးဆွဲနေပြီဖြစ်တဲ့အတွက် ပို့ဆောင် ဆက်သွယ်မှု အခက်အခဲတွေလည်း ပြေလည်လာမှာဖြစ်ပါတယ်။ ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ် (၅) ရပ်မှာ ပထမဆုံးအချက်အနေနဲ့ သတ်မှတ်ထား တာကတော့ ကျေးလက်ဒေသလမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေးပဲဖြစ်ပါ တယ်။ လမ်းပန်းဆက်သွယ်မှု ကောင်း မွန်ရေးအတွက်အခုလို မီးရထားဖွင့်လှစ် ပေးလိုက်တာဟာ ဒေသခံပြည်သူတွေ အတွက်တော့ ကောင်းမွန်တဲ့ ဆုလာဘ် ကြီးတစ်ခုလို့ ပြောဆိုနေကြပါတယ်။ တောင်ကြီးမြို့မှာ လူဦးရေ ၂၃၃၈၄၂ ဦး ခန့်နဲ့ ကျေးလက်နေလူဦးရေဟာ ၁၇၀၇၆၉ ဦးခန့် နေထိုင်ကြတာမို့ စုစုပေါင်းလူဦးရေ ၄၀၄၆၁၁ ဦးခန့်ရှိတဲ့ ဒေသတစ်ခုလို့ ခန့်မှန်းနိုင်ပါတယ်။

 

သွားလာမှုလွယ်ကူ

 

နိုင်ငံတော်ကြီးကို ဘက်စုံ၊ ကဏ္ဍစုံက ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာမှာ လမ်းပန်းဆက်သွယ်မှု အဆင်ပြေ ချောမွေ့စေရေးဟာလည်း အဓိကအခန်းကဏ္ဍကပါဝင်ပါတယ်။ စက်သုံးဆီချွေတာရေးအတွက် အများပိုင် သယ်ယူပို့ဆောင်ရေးယာဉ်များနဲ့ ခရီးသွားလာရန် လိုအပ်နေချိန်မှာ မီးရထားနဲ့ ခရီးသွားခြင်းဟာ အကောင်းမွန်ဆုံး အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခံတိုင်းရင်းသားတွေဟာ ကုန်ကျစရိတ်သက်သာစွာ ရထားနဲ့ ခရီးသွားလာနိုင်ပြီး ဒေသထွက်ကုန်တွေကိုလည်း မြို့ပေါ်အထိ သယ်ယူပို့ဆောင်ပြီး ရောင်းချနိုင်ပြီဖြစ် ပါတယ်။ ရထားနဲ့ သယ်ယူပို့ဆောင်ခြင်း ဟာ စရိတ်စကနည်းတဲ့အတွက် ဒေသခံ ပြည်သူတွေ အကျိုးအမြတ်ပိုမိုရရှိစေမှာ လည်း ဖြစ်ပါတယ်။ ဒါ့အပြင်တောင်ကြီးမှာ တက္ကသိုလ်ရှိနေတဲ့အတွက် အဆင့်မြင့် ပညာသင်ကြားနေသူတွေအတွက်ရထားခရီးစဉ်နဲ့ သွားလာမှုလွယ်ကူတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

 

လမ်းပိုင်းကြံ့ခိုင်မှုရှိစေရေးဆောင်ရွက်ပေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့မှာ တောင်ကြီး - ဆိုက်ခေါင် ရထားလမ်းအား ရထား ပြန်လည်ပြေးဆွဲနိုင်ရေး သတ်မှတ်စံချိန် စံညွှန်းနဲ့အညီ ပြုပြင်ဆောင်ရွက်ရန် လမ်းညွှန်ချက်အရ ၂၀၂၁ ခုနှစ် စက်တင် ဘာ ၁၅ ရက်မှ စတင်ပြုပြင်ဆောင်ရွက် ခဲ့ပါတယ်။ တောင်ကြီးမှ ဆိုက်ခေါင် အထိ ၄၀ ဒသမ ၆၇ မိုင်ကို ပြုပြင်ရာမှာ ကွန်ကရစ်ဇလီဖားတုံး ၅၈၇၈၀၊ လမ်းခင်းကျောက် ၁၀၇၇၃ ကျင်း ဖြည့်တင်းဆောင်ရွက်ခဲ့ပါတယ်။ လမ်း မြှောက်ပါကင်ရိုက်ခြင်း၊ သံလမ်းအဆက်ညှိခြင်း၊ လမ်းဘေးဝဲယာ တောချုံခုတ်ထွင်ရှင်းလင်းခြင်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒါတွေဟာ ရထား လမ်းပိုင်း ကြံ့ခိုင်တောင့်တင်းမှုရှိစေရေးဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

 

အထူးအလေးထားကြိုးပမ်း

 

၂၀၂၂ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “တောင်ကြီး - ဆိုက်ခေါင် ရထားလမ်း ပြုပြင်ပြီးစီးပြီဖြစ်သဖြင့် ရထားပြန်လည် ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်” လမ်းညွှန်မှာကြားချက်အရ ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၀ ရက်နေ့မှာ ယာယီ ရပ်နားထားခဲ့တဲ့ တောင်ကြီး - ဆိုက်ခေါင် လမ်းပိုင်းအတွင်း တောင်ကြီးမှ ဘန်းယဉ် အထိ ၃၃ ဒသမ၇၁ မိုင်အား ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ ပြန်လည်ပြေးဆွဲ ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ နိုင်ငံ တော်ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ရထားဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဟာ အရေးပါဆဲဖြစ်တာကြောင့် “ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ဦးဆောင်မှုအရ မြန်မာ့မီးရထား၏ လုပ်ငန်းတာဝန် ဖြစ်တဲ့ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်သူများ စိတ်ချမ်းမြေ့အဆင်ပြေစေရေး အထူးအလေးထားကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။

 

ဒီနေရာမှာ စာဖတ်သူတွေ ဗဟုသုတရစေဖို့ စာရေးသူလေ့လာသိရှိသမျှ မြန်မာ့မီးရထားရဲ့ ပြည်သူတွေသွားလာရေး အဆင်ပြေစေဖို့ မီးရထားလမ်းတိုးချဲ့ ဖောက်လုပ်နေမှုတွေကို ဖော်ပြပေးပါဦး မယ်။ မြန်မာနိုင်ငံမှာ ရထားလုပ်ငန်း စတင်ခဲ့တဲ့ ၁၈၇၇ ခုနှစ်မှ လွတ်လပ်ရေး မရမီ ၁၉၄၈ ခုနှစ်အထိ ရထားလမ်းခရီး မိုင်၁၉၂၄ မိုင်နဲ့ ဘူတာရုံပေါင်း ၄၇၆ ခု ဆောက်လုပ်ခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ် အတွင်း ရထားလမ်းခရီးမိုင် ၅၄ မိုင်နှင့် ဘူတာရုံ ၁၁ ခု တည်ဆောက်နိုင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာတော့ ရထား လမ်းခရီးမိုင် ၁၈၂၂ မိုင်နှင့် ဘူတာရုံ ၄၇၃ ခု ထပ်မံတိုးချဲ့ ဖောက်လုပ်တည်ဆောက် နိုင်ခဲ့တဲ့အတွက် နိုင်ငံတစ်ဝန်းလုံးမှာ ရထားလမ်းခရီးမိုင်ပေါင်း ၃၈၀ဝ နဲ့ ဘူတာရုံပေါင်း ၉၆၀ ရှိနေပြီဖြစ်ပါတယ်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်ကို တာဝန်ယူပြီးနောက် နိုင်ငံတော်အကြီးအကဲက ရထားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိက အလေးထားပြီး လမ်းညွှန်မှုများပေးခဲ့ရာ မှာ ရထားလမ်းများ ကြံ့ခိုင်ကောင်းမွန် စေရေးအတွက် သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းတွေအတိုင်း တိကျစွာလိုက်နာ၍ ရေရှည်အသုံးပြုနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်ရန်၊ ရထားလမ်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ထပ်မံတိုးချဲ့ဖောက်လုပ်ခြင်း လုပ်ငန်းများတွင် ပြည်တွင်း အင်ဂျင်နီယာ ပညာရှင်များကို အဓိကထားအသုံးပြု၍ နည်းပညာများတိုးတက် ဆောင်ရွက်ရန်၊ အနာဂတ်တွင် လျှပ်စစ် ရထားပြေးဆွဲနိုင်ရေး ကြိုတင်စဉ်းစားဆောင်ရွက်ရန်တို့အား လမ်းညွှန်မှာကြား ခဲ့ပါတယ်။

 

mdn

 

 

သံမဏိစက်ရုံအတွက် အကျိုးပြုမယ့် လမ်းလည်းဖြစ်

 

လက်ရှိမှာတော့ အဓိကအရေးပါတဲ့ရထားလမ်းမကြီးတွေအနက် ရန်ကုန် - မန္တလေးလမ်းနဲ့ ရန်ကုန်မြို့ပတ်လမ်း တွေကို ဂျပန်နိုင်ငံ JICA ရဲ့ ဖွံ့ဖြိုးမှု ရန်ပုံငွေနဲ့ နိုင်ငံတော်ဘဏ္ဍာငွေက ကျခံပြီး ရထားလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မန္တလေး - မြစ်ကြီးနား ရထား လမ်းပိုင်းကိုလည်း အဆင့်မြှင့်တင်နိုင် ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံရဲ့ ဖွံ့ဖြိုးမှုရန်ပုံငွေနဲ့ ဆောင်ရွက်နေပါတယ်။ မြန်မာ့မီးရထားအနေနဲ့ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံ၍ မြင်းခြံ  -  သာစည်၊ သာစည် - ရွှေညောင်၊ ရွှေညောင်  -  တောင်ကြီး၊ တောင်ကြီး  -  ဆိုက်ခေါင်၊ ဇီးပင်ကြီး  -  ပြင်ဦးလွင် -  ဂုတ်ထိပ်၊ မန္တလေးမြို့ပတ်ရထားလမ်းပိုင်းတွေ အဆင့်မြှင့်တင် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းနဲ့ နောင်ကား - ပင်းပက်လမ်းပိုင်း တိုးချဲ့ဖောက်လုပ်ခြင်းတွေ ဆောင်ရွက်နေပါတယ်။ နောင်ကား - ပင်းပက်လမ်းပိုင်းဟာ အထက်မှာ ပြောခဲ့တဲ့ နိုင်ငံအတွက် အရေးကြီးတဲ့ သံမဏိစက်ရုံအတွက် အကျိုးပြုမယ့် လမ်းလည်းဖြစ်ပါတယ်။

 

မြန်မာ့မီးရထား အနေနဲ့ကတော့ နိုင်ငံတစ်ဝန်းလုံး ကွန်ရက်သဖွယ် ဆက်သွယ်နိုင်တဲ့ ရထားလမ်းတွေ တိုးချဲ့ဖောက်လုပ်နေပါတယ်။ မူဆယ်မှ မန္တလေးအထိ ရထားလမ်းသစ်ဖောက် လုပ်နိုင်ဖို့ စီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှုလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် မန္တလေးကနေ ကျောက်ဖြူအထိ ရထားလမ်းအသစ် ဖောက်လုပ်နိုင်ရေးအတွက် စီမံကိန်းဖြစ်မြောက်နိုင်ခြေ လေ့လာမှုလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါတွေဟာ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် မြန်မာ့မီးရထားက ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မှု အစီအစဉ်တွေ ကို တင်ပြခြင်းဖြစ်ပါတယ်။

 

ခရီးသွားပြည်သူတွေ လွယ်လွယ်ကူကူ သွားလာနိုင်ရေးအတွက် မြန်မာ့ မီးရထားကပြေးဆွဲနေတဲ့ အခြေအနေတွေကို လေ့လာမိသလောက်ပြောရရင် ရန်ကုန်  -  မန္တလေးလမ်းပိုင်းမှာ အမြန် ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်  -  မော်လမြိုင်လမ်းပိုင်းမှာ အမြန် ရထားနှစ်စင်း၊ ရန်ကုန် - ပြည်လမ်းပိုင်းမှာ အမြန်ရထားနှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်  -  ပဲခူးလမ်းပိုင်းမှာ RBE ရထားနှစ်စင်း၊ ပုသိမ် - ဟင်္သာတ -  ကြံခင်း လမ်းပိုင်းမှာ စာပို့ရထားနှစ်စင်း၊ ပျဉ်းမနား - တောင်တွင်းကြီးလမ်းပိုင်းမှာ လူစီးကုန်တင်ရထားနှစ်စင်း၊ သာစည် - ရွှေညောင်လမ်းပိုင်းမှာ စာပို့ရထား နှစ်စင်း၊ ပြင်ဦးလွင် - ဂုတ်ထိပ်လမ်းပိုင်းမှာအမြန်ရထားနှစ်စင်း၊ ပြည်တော်သာ - ရေချမ်းပြင်လမ်းပိုင်းမှာ RBE ရထား လေးစင်း၊ တောင်ကြီး  -  ဆိုက်ခေါင် လမ်းပိုင်းမှာ လူစီးကုန်တင်ရထား နှစ်စင်း စုစုပေါင်း ၂၈ စင်းနဲ့ ရန်ကုန် မြို့ပတ်ရထား ၂၆ စင်း စုစုပေါင်းလူစီး ရထား ၅၄ စင်း ပြေးဆွဲပေးလျက်ရှိပါတယ်။ ဒါတွေကတော့ မြန်မာ့မီးရထားရဲ့ စွမ်းဆောင်ချက်တွေကို အနှစ်ချုပ်တင်ပြ ပေးခြင်းဖြစ်ပါတယ်။

 

ဝိုင်းဝန်းကူညီဖို့ လိုအပ်

 

နိုင်ငံတော်ရဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာရထားဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းဟာ လွန်စွာအရေးပါတဲ့လုပ်ငန်း ဖြစ်ပါတယ်။ ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်များအရ မြန်မာ့မီးရထားရဲ့ လုပ်ငန်း တာဝန်တွေဖြစ်တဲ့ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်သူများ စိတ်ချမ်းမြေ့ အဆင်ပြေရေး အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ စက်တင်ဘာ ၁ ရက်က ဖွင့်လှစ်ပေးခဲ့တဲ့ တောင်ကြီး  -  ဘန်းယဉ် မီးရထားခရီးစဉ် ဟာ ဒေသခံပြည်သူတွေအတွက် ရာခိုင် နှုန်းပြည့် ကောင်းကျိုးချမ်းသာဖြစ်စေ ပါတယ်။ ဒေသခံပြည်သူတွေရဲ့ ရင်တွင်း စကားသံတွေကိုလည်း နိုင်ငံပိုင်သတင်း မီဒီယာတွေမှာ ဝမ်းမြောက်ရွှင်လန်းစွာ တွေ့မြင်လိုက်ကြပြီး ဖြစ်ပါတယ်။ နယ်မြေဒေသ အေးချမ်းတည်ငြိမ်မှု ရှိခြင်း၊ ပြည်သူလူထုကိုယ်တိုင်က အဖျက်သမားတွေကို ရွံရှာမုန်းတီးကာ လက်ခံမှု မပြုခြင်းတို့ကြောင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ ချမ်းမြေ့ပျော်ရွှင်စရာ ဖြစ်နေပါပြီ။ ဘုရားသွား၊ ကျောင်းတက်၊ ဈေးဝယ်ထွက်ဖို့ ရထားကလည်း အဆင်သင့်ရှိနေပြီဖြစ်ပါတယ်။ ဥဩသံပေး ထာဝရပြေးဆွဲနိုင်ရေး အတွက် မီးရထားရဲ့ အဓိကကျတဲ့ လုံခြုံစိတ်ချရမှု၊ အချိန်မှန်ကန်မှုရှိစေရေး မြန်မာ့မီးရထားအနေနဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ မီးရထား လုပ်ငန်းတွေ တည်တံ့ခိုင်မြဲအောင် ပြည်သူတစ်ရပ်လုံးအနေနဲ့ အသိစိတ် မြင့်မားစွာနဲ့ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြဖို့ လိုအပ်လှပါတယ်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရဲ့ ၁ နှစ်နှင့် ၆ လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းတွင် “ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထု အကျိုးကိုရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝတွေကို တည်ဆောက်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ “ရှေ့သို့လှမ်းမည်၊ ပန်းတိုင်ဆီ”(Keep Moving Forward to Achieve Our Goal) ဆိုတဲ့အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထု အကျိုးကိုရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝတွေကို တည်ဆောက်ပေးသွားမှာ ဖြစ်ကြောင်း တိုင်းရင်းသားပြည်သူလူထုကို အသိပေး ပြောကြားလိုပါတယ်”ဟူ၍ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုတဲ့အတိုင်း “ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်” ဆောင်ပုဒ်နဲ့အညီ မီးရထားလမ်းကြောင်းများ ပိုမိုပေါ်ထွန်းလာရေး ပြည်သူတစ်ရပ် လုံးက ပူးပေါင်းပါဝင်ကြရန်ဖြစ်ပါ ကြောင်း ရေးသားလိုက်ပါတယ်။ ။