ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တောင်ကြီး ၂၆ ဇူလိုင်

 

၂၀၁၈ ခုနှစ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ဟိုပုံးမြို့နယ်၏မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်ကို ဇူလိုင် ၂၆ ရက် နံနက် ၈ နာရီက ပအိုဝ်းမတောင်သာသနာပြုနယ်မြေ၌ ကျင်းပကြောင်း သိရသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြားရာ ယနေ့ကမ္ဘာပေါ်ရှိ လူဦးရေတိုးပွားမှု၊ စိုက်ပျိုး မြေစဉ်ဆက်မပြတ်တိုးချဲ့လာမှု၊ စက်မှုလုပ်ငန်းတိုးတက်လာမှု၊ လူနေမှုအဆင့်အတန်းတိုးတက် မြင့်မားလာမှုတို့ကြောင့် သဘာဝ ပတ်ဝန်းကျင်အခြေအနေများ ယိုယွင်းပျက်စီးလာပြီး၊ သစ်တောပြုန်းတီးခြင်း၊ လေထုညစ်ညမ်းခြင်း၊ အိုဇုန်းလွှာပျက်စီးခြင်း၊ အက်စစ်မိုးရွာ သွန်းခြင်း၊ ရေမြေတိုက်စားခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်း၊ တစ်နေ့ထက် တစ်နေ့ ပူပြင်းခြောက်သွေ့လာမှုတို့ကြောင့် သဘာဝပတ်ဝန်း ကျင်အခြေအနေများ ကောင်းမွန်လာအောင် သစ်ပင်စိုက်ပျိုးခြင်း အလေ့အထကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ယနေ့သစ်ပင်စိုက်ပျိုးပွဲတော် တွင် ရေသင်းဝင် (၁၀၀)ပင်၊ ချယ်ရီ(၂၀၀)ပင်၊ ခါတော်မီ(၂၀၀)ပင်၊ ထင်းရှူး(၂၀၀)ပင်၊ ပနားမားငု(၁၀၀)ပင်၊ ခရေ(၁၀၀)ပင်၊ ထောပတ် (၂၀၀)ပင်၊ စိန်ပန်းပြာ(၁၀၀)ပင်၊ စိန်ပန်းနီ(၅၀)ပင်၊ ပိတောက်(၁၅၀)ပင်၊ စုစုပေါင်းသစ်မျိုး(၁၀)မျိုး၊ အပင်ပေါင်း(၁၅၀၀)ပင် စိုက်ပျိုး သွားမျာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း ရှမ်းပြည်နယ်အစိုးရအစီအစဉ်ဖြင့် ၂၀၁၈ ခုနှစ်တွင် နှစ်ရှည်သီး ပင်စားပင် (၂)သိန်းကျော်နှင့် သစ်တောသစ်ပင် (၅၀၆၀၀၀)ပင်တို့နှင့် သစ်တော်ဦးစီးဌာနအနေဖြင့် လူထုဖြန့်အပင်ပေါင်း (၁၃)သိန်း ကျော်ကိုလည်း နှစ်စဉ်စိုက်ပျိုးပေးလျက်ရှိကြောင်းပြောကြားသွားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်တို့က ဌာနဆိုင်ရာများကို ပျိုးပင်များပေးအပ်၍လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းရွှေမြင့်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့် ရဒေသဦးစီးအဖွဲ့ ဥက္ကဌ၏ဇနီး ဒေါ်ခင်ဝင်းကြည်တို့က အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့တို့ကို ပျိုးပင်များပေးအပ်ကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ခါတော်မီသစ်ပင်ကို  စိုက်ပျိုးပေးကြကာ၊ သစ်ပင်စိုက် ပျိုးနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)