ပြစ်ချက်ဟောင်းတရားခံ တစ်ဦးကို စစ်ဆေးရာမှ အင်းစိန်မြို့နယ်အတွင်း ဆိုင်ကယ်ခိုးမှုများ ထပ်မံဖော်ထုတ်နိုင်ခဲ့

ရန်ကုန် ၂၃ ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်နှင့်အညီ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးက အနီးကပ်ကြီးကြပ်၍ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၃ ရက် ည ၇ နာရီတွင် အင်းစိန်မြို့မရဲစခန်း မယ(ပ)၄၉/၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၆(ဂ) အမှုမှ တရားခံ စည်သူအောင် (ခ) အောင်အောင်သည် အခြားခိုးမှုများ ကျူးလွန်နိုင်ကြေင်း မသင်္ကာ၍ အသေးစိတ်တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၉ ခုနှစ်၊ ဧပြီလမှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအထိ အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရပ်ကွက်အတွင်း လှည့်လည်သွားလာ၍ လမ်းဘေး၌ရပ်ထားသော ဆိုင်ကယ်အမျိုးမျိုး (၁၃)စီးကို ခိုးယူရောင်းချခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်း ဆိုင်ကယ်အမျိုးမျိုး (၁၃)စီးကို ပြန်လည်သိမ်းဆည်း ရရှိပြီးဖြစ်၍ ခိုးမှုကျူးလွန်သူ စည်သူအောင် (ခ) အောင်အောင်ကို ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်