ပြစ်မှုများကို တရားစွဲဆိုခြင်း

လွင်သွင်ဦး

လူ့အဖွဲ့အစည်းတွင် လူပုဂ္ဂိုလ်ထိခိုက်နစ်နာမှုများ၊ ပစ္စည်းကိုထိခိုက်နစ်နာမှု များစသည်ဖြင့် ထိခိုက်နစ်နာမှုများကို ကုစားရာတွင် ပြစ်မှုကြောင်းအရ လည်းကောင်း၊ တရားမကြောင်းအရလည်းကောင်း အရေးယူ ဆောင်ရွက်ကြပါသည်။ ပြစ်မှုဆိုသည်မှာ နိုင်ငံတော်က ဥပဒေဖြင့် ပြဋ္ဌာန်းထားသော တားမြစ်ချက်များကို ချိုးဖောက်ခြင်း၊ လိုက်နာဆောင်ရွက်ရန် ပြဋ္ဌာန်းထားသော အချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းတို့ကြောင့် သက်ဆိုင်ရာဥပဒေအရ ထိုက်သင့်သော ပြစ်ဒဏ်ချမှတ်သည့် အမှုများဖြစ်ပါသည်။

ပြစ်မှုများသည် သက်ဆိုင်ရာပုဂ္ဂိုလ်ကို ထိခိုက်နစ်နာစေသည်သာမက နိုင်ငံတော်၏ လုံခြုံရေး၊ ငြိမ်ဝပ်ပိပြားရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုး ရေးတို့ကိုပါ ထိခိုက်နစ်နာစေသဖြင့် နိုင်ငံတော်က တရားလိုပြုလုပ်၍ တရားစွဲဆိုပြီး ဥပဒေအရာရှိများ (အစိုးရရှေ့နေများ)က နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်ကြပါသည်။ သို့ရာတွင် နိုင်ငံတော်ကို တိုက်ရိုက်ထိခိုက်ခြင်းမရှိ သောပြစ်မှုများ (ဥပမာအားဖြင့်- အသရေဖျက်မှု၊ မယားခိုးမှု)စသော အချို့သော အမှုများတွင်မူ သက်ဆိုင်ရာ ကာယကံရှင် ကိုယ်တိုင်ကသာ တရားစွဲဆို နိုင်ပါသည်။ ပြစ်မှုများတွင် ရဲအရေးပိုင်သောပြစ်မှု (တရားရုံး၏ ဖမ်းဝရမ်းမပါဘဲ ရဲကဖမ်းဆီးခွင့်ရှိသည့်အမှု)နှင့် ရဲအရေးမပိုင်သောပြစ်မှု (တရားရုံး၏ ဖမ်းဝရမ်းပါမှ ရဲကဖမ်းဆီးခွင့်ရှိသည့်အမှု)ဟု ရှိပါသည်။

ရဲစခန်းတွင်အမှုဖွင့် တိုင်ကြားခြင်း
ရဲအရေးပိုင်သည့် ပြစ်မှုများကို တရားစွဲဆိုရန်အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းတွင် ပထမသတင်းပေးတိုင်ချက် (First Information Report) ရေးဖွင့်၍ စတင်စွဲဆိုနိုင်ပါသည်။ ရဲအရေးပိုင်သည့် အမှုများကို မည်သူမဆို (မည်သူက တရားစွဲဆိုရမည်ဟု ခြွင်းချက်ပြုထားသည့် အမှုအနည်းငယ်မှ တစ်ပါး) အမှုဖွင့်နိုင်ပါသည်။ ဥပမာအားဖြင့် လူတစ်ယောက်သည် တစ်နေရာတွင် သေနေသော သူတစ်ယောက်ကို တွေ့ရှိပါက သေသူသည် မည်သူဖြစ်သည်၊ မည်သူ၏ ပြုလုပ်မှုကြောင့် သို့မဟုတ် မည်သည့်အကြောင်းကြောင့် သေဆုံးသည်ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနိုင်ပါသည်။

ထိုသို့ အမှုဖွင့်တိုင်ကြားသည့်အခါ သက်ဆိုင်ရာရဲစခန်းမှ တာဝန်ရှိသော ရဲတပ်ဖွဲ့ဝင်သည် သတ်မှတ်ထားသော မှတ်ပုံတင် စာအုပ်တွင် ရေးသွင်းပြီး သတင်းပေးတိုင်ကြားသူက လက်မှတ်ရေးထိုးရပါသည်။ ပထမသတင်းပေး တိုင်ချက်ကို စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါသည်။ တယ်လီဖုန်းဖြင့် တိုင်ကြားသည့်အခါ တာဝန်ကျ ရဲအရာရှိက သတင်းပေးတိုင်ချက်ကို သတ်မှတ်စာအုပ်တွင် ရေးသွင်းပြီး ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုးရပါသည်။ ထိုသို့ သတင်းပေး တိုင်ချက်ရေးပြီးနောက် သက်ဆိုင်ရာ ရဲစခန်းမှူးသည် မိမိကိုယ်တိုင်ဖြစ်စေ၊ အခြား ရဲအရာရှိတစ်ဦးဦးကိုဖြစ်စေ တိုင်ကြားချက်ကို စုံစမ်းစစ်ဆေး ထောက်လှမ်းမှုပြုရန် တာဝန်ပေးရပါသည်။

စုံစမ်းစစ်ဆေး ထောက်လှမ်းမှုပြုရာတွင် အမှုနှင့် သက်ဆိုင်သောသူများကို စစ်ဆေးရပါသည်။ ထိုသို့ စုံစမ်းစစ်ဆေးသည့်အခါ အမှုနှင့်ပတ်သက်၍ သိရှိသူက ရဲထံသို့ ထွက်ဆိုချက်ပေးရပါသည်။ ထိုထွက်ဆိုချက်ကို ရဲထံထွက်ဆိုချက် (Statement to the Police Officer) ဟု ခေါ်ဆိုပါသည်။ ရဲထံထွက်ဆိုချက်သည် သာမန်အားဖြင့် သက်သေခံမဝင်ပါ။ ထိုသက်သေသည် တရားရုံးရှေ့တွင် ကျမ်းကျိန်ထွက်ဆိုသည့် အခါ၌ ကွဲလွဲလိမ်လည်ထွက်ဆိုလျှင် မယုံကြည်ထိုက်သော သက်သေဖြစ်ကြောင်း၊ ဆန့်ကျင်ထွက်ဆိုသည့် သက်သေ ဖြစ်ကြောင်း ပြသရန်အတွက် အသုံးပြုနိုင်ပါသည်။ စုံစမ်းစစ်ဆေးထောက် လှမ်းမှုပြုသည့်အခါ အမှုနှင့်သက်ဆိုင်သော သက်သေခံ ပစ္စည်းများသိမ်းဆည်းခြင်း၊ တရားခံကို စုံစမ်းဖော်ထုတ်ဖမ်းဆီးခြင်း၊ ကွင်းဆက်တရားခံ များကို ဖမ်းဆီးခြင်းများ ဆောင်ရွက်ရာတွင် တရားရုံးသို့ တရားစွဲဆိုတင်ပို့သည့်အခါ တရားခံပြစ်မှုကျူးလွန်ကြောင်း ခိုင်လုံစွာ သက်သေပြနိုင်ရန်အတွက် ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ဆောင်ရွက်ရပါသည်။

အမှုအတွက် စုံစမ်းစစ်ဆေးထောက်လှမ်းမှု ပြုပြီးသည့်အခါ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ ဥပဒေရုံးသို့ တရားစွဲမတင်မီ ဥပဒေအကြံဉာဏ် တောင်းခံနိုင်ပါသည်။ သက်ဆိုင်ရာဥပဒေရုံးက စစ်ဆေးပေါ်ပေါက်ချက်များကို လေ့လာသုံးသပ်ပြီးနောက် မည်သည့်ဥပဒေဖြင့် မည်သူ့ကို တရားစွဲဆိုတင်ပို့ သင့်ကြောင်း၊ တရားစွဲဆိုတင်ပို့ရန် ခိုင်လုံမှုမရှိပါက ခိုင်လုံမှုမရှိကြောင်း၊ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ချက်များရှိပါက မည်သည့်အချက်များ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ရဲတပ်ဖွဲ့သို့ အကြံပြုပြန်ကြားပါသည်။ သက်ဆိုင်ရာရဲတပ်ဖွဲ့က လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာ ဥပဒေရုံးမှ တစ်ဆင့် သက်ဆိုင်ရာ တရားရုံးသို့ တရားစွဲဆို တင်ပို့ပါသည်။ တရားရုံးရောက်သည့်အခါ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေတို့နှင့် အခြားသက်ဆိုင်သော ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ အမှုကို ဆက်လက်စစ်ဆေးရပါသည်။

တရားရုံးတွင် အမှုစစ်ဆေးရာ၌ တရားလိုကဖြစ်စေ၊ တရားခံကဖြစ်စေ ရှေ့နေရှေ့ရပ်များ ငှားရမ်းပြီး အမှုကိုဆောင်ရွက် နိုင်ပါသည်။ တရားလိုဘက်အတွက် သက်ဆိုင်ရာ ဥပဒေအရာရှိက နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက် ပေးပါသည်။ တရားလိုက မိမိအတွက် ရှေ့နေငှားရမ်းလိုပါကလည်း ဥပဒေအရာရှိ၏ ကြီးကြပ်မှုဖြင့် ထိုရှေ့နေက တရားလိုအတွက် လိုက်ပါဆောင်ရွက် နိုင်ပါသည်။ တရားခံအနေဖြင့်လည်း ရှေ့နေငှားရမ်း၍ အမှုကို ခုခံဆောင်ရွက် ခွင့်ရှိပါသည်။ သေဒဏ် ထိုက်သင့်သောပြစ်မှုဖြင့် စွဲဆိုခံရသူဖြစ်ပြီး တရားခံသည် မိမိကိုယ်တိုင် ရှေ့နေငှားရမ်းနိုင်ခြင်း မရှိသည့် ဆင်းရဲနွမ်းပါးသော တရားခံဖြစ်ပါက နိုင်ငံတော်အစိုးရက ရှေ့နေငှားရမ်းပေးပါသည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်ကစ၍ မြန်မာနိုင်ငံတွင် စေတနာ့ဝန်ထမ်းအကူ အညီပေးသော ရှေ့နေအသင်းများ စတင်ပေါ်ပေါက် ခဲ့ပါသည်။ Legal Aid ဆိုင်ရာ ပညာပေးမှုများ၊ သင်တန်းများ ပြုလုပ်ခဲ့ကြပါသည်။

၂၀၁၆ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၀) ဖြင့် “ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ”ကို ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါ ဥပဒေအရ “ဥပဒေဆိုင်ရာ အထောက်အကူ” ဆိုသည်မှာ ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများအား ဤဥပဒေနှင့်အညီ ရှေ့နေငှားရမ်းပေးခြင်း၊ ဥပဒေဆိုင်ရာ အသိပညာပေးခြင်း၊ အကြံပေးခြင်း၊ အကူအညီပေးခြင်းနှင့် သတင်းအချက်အလက် ပေးခြင်းတို့ကို ဆိုလိုပါသည်။

ထို့အပြင် ပြစ်ဒဏ်ချမှတ်ခြင်းခံရသော တရားခံနှင့်ပတ်သက်၍ အယူခံမှု၊ ပြင်ဆင်မှုနှင့် အထွေထွေလျှောက်ထားမှုများတွင် လိုအပ်သောဥပဒေဆိုင်ရာ အထောက်အကူပေးခြင်း၊ အချုပ်စခန်း၊ အကျဉ်းထောင် သို့မဟုတ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ရေးနှင့် သက်မွေးပညာသင်စခန်းများသို့ အပို့ခံရသူများ ရထိုက်သည့် သက်သာခွင့် အရပ်ရပ်အတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးခြင်းတို့ ဖြစ်ပါသည်။

တရားရုံးသို့ ဦးတိုက်လျှောက်ထားစွဲဆိုခြင်း
ရဲအရေးမပိုင်သော ပြစ်မှုများကို တရားရုံးသို့တိုက်ရိုက်လျှောက်ထား (ဦးတိုက်လျှောက်ထား) တရားစွဲဆိုနိုင်ပါသည်။ ထို့အပြင် ရဲအရေးပိုင်သော အမှုများတွင်လည်း ရဲစခန်းသို့ တိုင်ကြားခြင်းမရှိဘဲ တရားရုံးသို့ တိုက်ရိုက်လျှောက်ထား စွဲဆိုနိုင်ပါသည်။ ထိုသို့ တရားလိုက တိုက်ရိုက်လျှောက်ထား စွဲဆိုသည့်အခါ တရားရုံးသည် ထိုတရားလိုအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ နှင့်အညီ စစ်ဆေးရပါသည်။ ထိုသို့စစ်ဆေးပြီးနောက် အရေးယူရန် အကြောင်းပေါ်ပေါက်ပါက သက်ဆိုင်ရာတရားခံအား တရားရုံးရှေ့သို့ လာရောက်စေရန် သမ္မန်စာဖြစ်စေ၊ ဝရမ်းစာထုတ်ရမည့်အမှုများ၌ ဖမ်းဝရမ်းထုတ်၍ဖြစ်စေ ဆင့်ဆိုရပါသည်။ တရားလိုကိုစစ်ဆေးပြီးနောက် တရားခံအားအရေးယူရန် သင့်၊ မသင့် စုံစမ်းရန် လိုအပ်သည့်အခါ တရားရုံးသည် သက်ဆိုင်ရာ ရဲစခန်းသို့ ထိုအမှုအား စုံစမ်းစစ်ဆေးမှု (Inquiry) ပြုလုပ်ပေးရန် ပေးပို့နိုင်ပါသည်။ သက်ဆိုင်ရာရဲစခန်းက စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် မိမိစုံစမ်းစစ်ဆေး တွေ့ရှိချက်ကို တရားရုံးသို့ ပြန်လည်တင်ပြ အစီရင်ခံရပါသည်။

တရားရုံးသည် ဦးတိုက်လျှောက်ထားသူ၏ ထွက်ဆိုချက်နှင့် ရဲအစီရင်ခံစာတို့အရ တရားခံအား အရေးယူရန် အကြောင်း ပေါ်ပေါက်လျှင် တရားရုံးရှေ့သို့ လာရောက်ရန် ဆင့်ဆိုနိုင်ပါသည်။ စစ်ဆေးပေါ်ပေါက်ချက်များအရ တရားခံကို အရေးယူရန် အကြောင်းပေါ်ပေါက်ခြင်းမရှိလျှင် တရားခံအား တရားရုံးသို့ လာရောက်ရန် ဆင့်ဆိုခြင်းမပြုဘဲ အမှုကို ပလပ်နိုင်ပါသည်။ ရဲအရေးမပိုင်သော အမှုများတွင် တရားလိုသည် မိမိအမှုအတွက် လိုက်ပါဆောင်ရွက်ရန် ရှေ့နေငှားလိုပါက ငှားရမ်းနိုင်ပါသည်။ ရဲအရေးမပိုင်သော အမှုများကို ဥပဒေ အရာရှိများက လိုက်ပါဆောင်ရွက်ပေးခြင်းမပြုပါ။

တရားသူကြီးက အရေးယူခြင်း
အချို့သောအမှုများသည် ရဲစခန်းသို့ သတင်းပေးတိုင်ကြားခြင်း၊ တရားရုံးသို့ တိုက်ရိုက်စွဲဆိုခြင်း ပြုရန်မလိုဘဲ သက်ဆိုင်ရာ တရားသူကြီးက အမှုဖွင့် အရေးယူရသည့် ကိစ္စများရှိပါသည်။ ထိုသို့ အရေးယူခြင်းကို တရားသူကြီး ကိုယ်တိုင်သိရှိသဖြင့် အမှုဖွင့်အရေးယူခြင်းဟု ဆိုပါသည်။ ဥပမာအားဖြင့် သက်သေတစ်ယောက်သည် တရားရုံးရှေ့တွင် မမှန်သက်သေခံသည့် အခါတွင် သက်ဆိုင်ရာတရားသူကြီးကိုယ်တိုင်က အခြားတရားရုံးတွင် အမှုဖွင့်အရေးယူ ရပါသည်။ အခြားသူတစ်ဦး တစ်ယောက်က အမှုဖွင့်အရေးယူ၍မရပါ။ ဥပဒေတွင် ထိုသို့သတ်မှတ်ထားသောအမှုများကို တရားသူကြီးကိုယ်တိုင် အရေးယူ ဆောင်ရွက်ရပါသည်။

ပြစ်မှုများကို ယေဘုယျအားဖြင့် မည်သူမဆို တရားလိုပြုလုပ် တရားစွဲဆို နိုင်ပါသည်။ သို့ရာတွင် ဥပဒေတွင် မည်သူက တရားစွဲဆိုရမည်ဟု သတ်မှတ်ထားသည့် ကိစ္စရပ်များတွင် ထိုသူကိုယ်တိုင်ကသာ တရားစွဲဆိုနိုင်ပါသည်။ အခြားသူ တစ်ဦးတစ်ယောက်က တရားစွဲဆိုခွင့် မရှိပါ။ ဥပမာအားဖြင့် မယားခိုးမှု၊ အသရေဖျက်မှု စသည်တို့တွင် လင်ယောကျာ်း ကိုယ်တိုင်၊ အသရေဖျက် ခံရသူကိုယ်တိုင်က တရားစွဲဆိုမှသာ အရေးယူခွင့်ရှိပါသည်။ ထို့အပြင် အာဏာဖီဆန်မှု (ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်သောအမိန့်ကို မလိုက်နာမှု)ဟု အများသိကြသောပြစ်မှုများ စသည့်အမှုများတွင် ထိုအမိန့်ကို ထုတ်သော အာဏာပိုင်ကိုယ်တိုင် သို့မဟုတ် ၎င်း၏အထက်အရာရှိက တရားစွဲဆိုမှသာ အရေးယူခွင့်ရှိပါသည်။

တရားစွဲဆိုခွင့်ပြုမိန့်
အချို့သောပြစ်မှုများတွင် မတော်မတရားစွဲဆိုခြင်းမှ ကာကွယ်နိုင်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်ပုဂ္ဂိုလ်၏ တရားစွဲဆို ခွင့်ပြုမိန့် (Sanction) ရရှိမှသာ တရားစွဲဆိုခွင့်ရှိသည့် အမှုများလည်း ရှိပါသည်။ ဥပမာအားဖြင့် ပြည်သူ့ဝန်ထမ်းများသည် မိမိတို့၏ လုပ်ငန်းတာဝန်နှင့် သက်ဆိုင်သော ကိစ္စရပ်များကို သဘောရိုးဖြင့် ဆောင်ရွက်ရာ၌ မတော်မတရား တရားစွဲဆိုခြင်းခံရမည် ဆိုပါက မိမိတို့တာဝန်ကို လွတ်လပ်စွာ ထမ်းဆောင်နိုင်ခြင်းမရှိဘဲ အဟန့်အတားများ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ပြည်သူ့ဝန်ထမ်းက မိမိရာထူးအလျောက် တာဝန်ထမ်းဆောင်စဉ် ပြုလုပ်သော သို့မဟုတ် ပြုလုပ်သူဟု သဘောသက်ရောက် သော ပြစ်မှုတစ်စုံတစ်ရာနှင့် စွပ်စွဲခြင်းခံရသောအခါ သက်ဆိုင်ရာ အာဏာပိုင်ပုဂ္ဂိုလ်၏ ကြိုတင်ထုတ်ပေးသော တရားစွဲဆို ခွင့်ပြုမိန့်မရဘဲ မည်သည့်တရားရုံးကမျှ အရေးယူခြင်း မပြုရဟု ပြဋ္ဌာန်းချက်များ ရှိပါသည်။

ထို့အပြင် အချို့သောပြစ်မှုများသည် ပြစ်ဒဏ်ကြီးလေးခြင်းနှင့် ပြစ်မှု၏ သဘာဝအရ သက်ဆိုင်ရာ အာဏာပိုင်ပုဂ္ဂိုလ်၏ တရားစွဲဆိုခွင့်ပြုမိန့် ရရှိမှသာ တရားစွဲနိုင်သည့် ပြစ်မှုများရှိပါသည်။ ဥပမာအားဖြင့် ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေအရ တရားစွဲဆိုသည့်အခါတွင် တရားစွဲဆိုခွင့်ပြုမိန့်ရရှိမှသာ တရားစွဲဆိုနိုင်ပါသည်။ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ တရားစွဲဆိုရာတွင်လည်း တရားစွဲဆိုခွင့်ပြုမိန့် ရရှိမှသာ တရားစွဲဆိုနိုင်ပါသည်။ ထို့အပြင် အချို့သော ဥပဒေများတွင်လည်း တရားစွဲဆိုခွင့်ပြုမိန့်ရရှိမှသာ တရားစွဲဆိုနိုင်ကြောင်း ပြဋ္ဌာန်းထားချက်များ ရှိပါသည်။

ပြစ်မှုကြောင်းဖြင့်သာ စွဲဆိုနိုင်သည့် အမှုများ
အချို့သောအမှုများတွင် သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်အရ ပြစ်မှု (ရာဇဝတ်မှု)ဖြင့်သာ တရားစွဲဆိုနိုင်ပါသည်။ ဥပမာအားဖြင့် နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်သူကို ပြစ်မှုဖြင့်သာ တရားစွဲပါသည်။ ခိုးမှု၊ ဓားပြမှုစသည့် ပြစ်မှုများတွင်လည်း ပြစ်မှုဖြင့်သာ စွဲဆိုနိုင်ပါသည်။ ပြစ်မှုကြောင်းအရ စွဲဆိုရာတွင် တရားခံသည် ပြစ်မှုထင်ရှားပါက ဥပဒေအရသတ်မှတ်ထားသည့် ပြစ်ဒဏ် (သေဒဏ်၊ ထောင်ဒဏ်၊ ငွေဒဏ်) စသည့် ပြစ်ဒဏ်များကျခံရပါမည်။

တရားမကြောင်းအရသာ စွဲဆိုနိုင်သည့်အမှုများ
အချို့အမှုများတွင် ပြစ်မှုကြောင်းအရ တရားမစွဲနိုင်ဘဲ တရားမကြောင်း သက်သက်ဖြင့်သာ တရားစွဲဆိုနိုင်သည့် အမှုများလည်း ရှိပါသည်။ ဥပမာအားဖြင့် အမွေခွဲဝေပေးစေလိုမှု၊ လင်မယားကွာလိုမှု၊ လင်မယား ပြန်လည်ပေါင်းသင်းစေလိုမှု စသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အမှုများဖြစ်ပါသည်။

တရားမကြောင်းအရ စွဲဆိုရာတွင် ပြစ်ဒဏ်မပေးနိုင်ပါ။ နစ်နာသူအား လျော်ကြေးပေးစေခြင်း၊ နစ်နာကြေးပေးစေခြင်း၊ ပဋိညာဉ် အတိုင်း လိုက်နာဆောင်ရွက်စေခြင်း၊ ငွေကြေးပြန်လည်ပေးအပ်စေခြင်း၊ ပစ္စည်းကို ပြန်လည်ပေးအပ်စေခြင်း စသည့် တရားလို၏ နစ်နာချက်ကို ကုစားဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။

ပြစ်မှုနှင့် တရားမမှု နှစ်မျိုးလုံးစွဲဆိုနိုင်သည့် အမှုများ
သို့ရာတွင် အချို့သောအမှုများတွင် ပြစ်မှုဖြင့် တရားစွဲဆိုနိုင်သည့်အပြင် တရားမမှုဖြင့်လည်း တရားစွဲဆိုနိုင်သည့် အမှုများလည်း ရှိပါသည်။ ဥပမာအားဖြင့် ပစ္စည်း၊ ငွေကြေးလိမ်လည်ခံရသဖြင့် ပြစ်မှုကြောင်းအရ တရားစွဲဆို နိုင်သည့်အပြင် ထိုပစ္စည်း၊ ငွေကြေးစသည်တို့ကို ပြန်လည်ရလိုမှုဖြင့် တရားမကြောင်းအရလည်း တရားစွဲဆိုနိုင်ပါသည်။

အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာ တွေ့ရတတ်သည်ဆိုသည့် ဆိုရိုးစကားရှိပါသည်။ လူ့အဖွဲ့အစည်းတွင် မိမိကရန် မလိုသော်လည်း၊ မဖြစ်လိုသော်လည်း မလွှဲမရှောင်သာ ကြုံတွေ့ရသည့် ပြဿနာများရှိတတ်ပါသည်။ ကြီးသည့်အမှုငယ်စေ၊ ငယ်သည့်အမှု ပပျောက်စေဆိုသည့် စကားကိုလက်ခံ ကျင့်သုံးသည့်တိုင် တရားစွဲဆိုရမည့် အခြေအနေများ ပေါ်ပေါက်တတ်ပါသည်။ သို့ဖြစ်ပါ၍ တရားရုံးများနှင့် နီးစပ်မှုမရှိသော ပြည်သူများအနေဖြင့် တရားရုံးတွင် တရားစွဲဆိုသည့် ကိစ္စများအား ယေဘုယျအားဖြင့် သိရှိနားလည် ဗဟုသုတရစေလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားတင်ပြအပ်ပါသည်။   ။