ပါးစပ်နှာခေါင်းစည်းဖြင့် ပြန်လည်နိုးထရန် ကြံဆောင်နေသာ မြို့ရန်ကုန်

မေ ၂၇

 

အနောက်တောင် မုတ်သုံလေ ဝင်ရောက်ကာ မိုးသားတိမ်လိပ်တို့ ဖြတ်သန်းဆဲကာလမို့ ရန်ကုန်မြို့ကောင်းကင်ယံက လင်းတစ်ခါ မှိန်တစ်လှည့် ဖြစ်လို့နေသည်။ ယခုနှစ်မိုးရာသီ၏ ပထမဆုံးတိုက်ခတ်ခဲ့သော မုန်တိုင်းအဖျား ခတ်မှုအရှိန်ကြောင့် ရန်ကုန်မြို့ အပူချိန်က သိသိသာသာ လျော့ကျသွားသည်။ မြို့အပေါ် သက်ရောက်သည့်အပူချိန် လျော့ကျသွား သော်လည်း ရန်ကုန်သူ ရန်ကုန်သားတို့၏ စိုးရိမ်စိတ်ကား လျော့ကျမသွားသေးပေ။ ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု ကြောင့် ဖြစ်ပေါ်နေသော စိုးရိမ်စိတ်များမှာ ယနေ့အချိန်အထိ လျော့ကျမသွားသေချေ။

 

အသိပညာပေးမှုများ လုပ်ဆောင်နေ

 

စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်လာခြင်း၊ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်လာခြင်း၊ အဝေးပြေးယာဉ်လိုင်းကြီးများ ပြန်လည်ပြေးဆွဲမှုနှင့်အတူ အနယ်နယ်အရပ်ရပ်မှ လုပ်သားများ ပြန်လည်ဝင် ရောက်လာခြင်း၊ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိမှုက ရပ်တန့်မနေခြင်းတို့ကြောင့် ရန်ကုန်သူ ရန်ကုန်သားတို့ စိတ်ပူပန် ကြရသည်။ လူတစ်ဦးနှင့်တစ်ဦး သတ်မှတ် အကွာအဝေးဖြင့် နေထိုင်ရန်၊ နေအိမ်ပြင်ပ သွားလာရာတွင် နှာခေါင်းစည်းများ သေချာ စွာတပ်ဆင်ရန်၊ လက်ကိုသန့်ရှင်းစင်ကြယ်စွာ ဆေးကြောရန် နိုင်ငံတော်အဆင့် အသိပညာပေးမှုများ လုပ်ဆောင်နေသော်လည်း လိုက်နာ သူအများစုရှိသလို မသိလိုက် မသိဘာသာ နေသူတို့က ရှိနေဆဲပင်ဖြစ်သည်။

 

စနစ်တကျ ဝတ်ဆင်ရန် ထုတ်ပြန်

 

ဤနေရာတွင် အလျဉ်းသင့်၍ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ ဝတ်ဆင်ရန် ထုတ်ပြန်ထားခြင်းကို တင်ပြလိုပါသည်။ ပြည်သူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်စည်းမကိုင်မီ လက်ကို ဆေးကြောရန်၊ ပါးစပ်နှင့် နှာခေါင်းစည်ကို စုတ်ပြဲခြင်း၊ ညစ်ပေခြင်းရှိ/မရှိ စစ်ဆေးရန်၊ သတ္တုချောင်း (သို့) ကော်ချောင်းပါသောဘက်ကို အပေါ်တွင်ထားရန်၊ အရောင်ရင့်သောဘက် ကို မျက်နှာပြင်ဘက်တွင်ထားရန်၊ ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ဝတ်ဆင်ရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းကို ဖယ်ရှားမည်ဆိုပါက ကြိုးမှကိုင်၍ ဖယ်ရှားရန်၊ အဖုံးပါသော အမှိုက် ပုံးအတွင်း စွန့်ပစ်ရန် လက်ကို စနစ်တကျ ပြန်လည်ဆေးကြောရန်တို့ကို အသိပေး ထုတ်ပြန်ထားပြီးဖြစ်သည်။

 

တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာ

 

ရှောင်ရန်အချက်အနေဖြင့် ပါးစပ် (သို့) နှာခေါင်းတစ်ခုတည်းသာ ဖုံးအုပ်ခြင်းမပြုရန်၊ မိမိနှင့်ကြီးလွန်း သေးလွန်းသော ပါးစပ် နှာခေါင်းစည်းကို အသုံးမပြုရန်၊ စုတ်ပြဲညစ် ပေနေသော ပါးစပ်၊ နှာခေါင်းစည်းကို အသုံးမပြုရန်၊ စကားပြောဆိုရန်အတွက် ပါးစပ် နှာခေါင်းစည်းကို လက်ဖြင့်အောက်သို့ လျှော့ ချခြင်း၊ မေးတွင် ချိတ်ထားခြင်းကို မပြုလုပ်ရန်၊ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ပြီးပါက လက်ဖြင့် ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ အသုံးပြုပြီးသား ခွဲစိတ်ခန်းသုံး ပါးစပ်နှာခေါင်းစည်းကို ပြန်လည်အသုံးမပြုရန်တို့ကို ပြည်သူများ သိရှိနိုင်စေရန် ထုတ်ပြန်ချက်များ ထုတ်ပြန် ထားပြီး ဖြစ်သည်။ ထို့ပြင် ပါးစပ်နှာခေါင်း စည်းတပ်ဆင်ရုံဖြင့် ကိုဗစ် - ၁၉ ရောဂါကို အပြည့်အဝကာကွယ်နိုင်သည် မဟုတ်ဘဲ တစ်ဦးနှင့် တစ်ဦး ခြောက်ပေခွာ၍ နေထိုင်ရန်၊ လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် စက္ကန့် ၂၀ ကြာ အောင် မကြာခဏ စနစ်တကျ ဆေးကြော ခြင်းတို့ကိုလည်း ပူးတွဲလုပ်ဆောင်ရန် လမ်းညွှန်ထားသည်။

 

လက်ဆေးခြင်းအလုပ်ကို ပြုလုပ်ရန် အားနည်း

 

ယခုအခါ မြန်မာနိုင်ငံအတွင်းသို့ ကိုဗစ်- ၁၉ ကူးစက်ရောဂါပျံ့နှံ့ရောက်ရှိခဲ့သည်မှာ နှစ်လကျော်၊ သုံးလတာ ကာလမျှ အချိန်တိုင် ခဲ့ပြီဖြစ်သည်။ နိုင်ငံတကာတွင် ရောဂါကူးစက် ပျံ့နှံ့နေစဉ်နှင့် မြန်မာနိုင်ငံအတွင်း စတင်ဝင် ရောက်စဉ်ကာလများတွင် လူငယ်လူရွယ်တို့၏ ကျောပိုးအိတ်များတွင်လည်းကောင်း၊ အမျိုးသမီးငယ်များ၏ ပိုက်ဆံအိတ်အပြင်ဘက်တွင် လည်းကောင်း လက်သန့်ဆေးရည်ဘူးငယ်လေးများ ချိတ်ဆွဲထားသည်ကို တွေ့မြင်ခဲ့ရသည်။ စားသောက်ဆိုင်များနှင့် လက်ဆေးကန် ပြုလုပ်ထားသော နေရာများတွင် စနစ်တကျ လက်ဆေးခြင်းကို အချိန်ယူ၍ ပြုလုပ်ခဲ့ကြ သည်။ သို့သော် ယခုနောက်ပိုင်းကာလများတွင် လက်ဆေးခြင်းအလုပ်ကို ပြုလုပ်ရန် အားနည်း လာကြသည်ကို တွေ့မြင်ရသည်။

 

အစားထိုးနေရာယူလာ

 

ခွဲစိတ်ခန်းသုံး ပါးစပ်နှာခေါင်းစည်းများမှာ ကိုဗစ် - ၁၉ ရောဂါမဖြစ်ပွားမီက တစ်ခုလျှင် ငွေကျပ် ၂၀၀ ခန့်သာ ရှိခဲ့ရာမှ ယခုအချိန်တွင် တစ်ခုလျှင် ငွေကျပ် ၃၅၀ မှ ၅၀၀ အထိ ရောင်းချနေလျက်ရှိရာ နေ့စဉ်သွားလာ အလုပ် လုပ်နေရသူများအတွက် ကြာလျှင်ငွေကြေး ထိခိုက်နိုင်သောအခြေအနေတစ်ရပ် ဖြစ်သည်။ ထို့ကြောင့်ပင် ရန်ကုန်မြို့တော်၌ တစ်ကြိမ် တစ်ခါသာ အသုံးပြု၍ရသော ခွဲစိတ်ခန်းသုံး ပါးစပ်နှာခေါင်းစည်းများ နေရာတွင် အသင့်ချုပ်ပြီးသော အဝတ်နှာခေါင်းစည်းများက အစားထိုးနေရာယူလာကြပြီ ဖြစ်သည်။ ကိုယ်တိုင်ချုပ် အဝတ်နှာခေါင်းစည်းများမှာ တပ်ဆင်သူအတွက် သက်သောင့်သက်သာ ရှိသော်လည်း စီးပွားဖြစ်ချုပ်လုပ်ရောင်းချသော အဝတ်နှာခေါင်းစည်များမှာ မျက်နှာနှင့် အံဝင်ခွင်ကျ သိပ်မရှိလှချေ။ စီးပွား ဖြစ်ချုပ်ထည် များဖြစ်သောကြောင့် လုံခြုံစိတ်ချ နူးညံ့ ပျော့ပျောင်းမှုကို ဦးစားမပေးဘဲ အရောင်းထိုင်းသော ပိတ်စများကိုသာ အသုံးပြုသည့် အတွက် တပ်ဆင်သူများအဖို့ အဆင်ပြေမှု သိပ်မရှိလှပေ။

 

ပြန်လည်ဖွင့်လှစ်လာ

 

မဖိတ်မခေါ်ရောက်လာသော ကိုဗစ်ကပ်ဆိုးက မည်မျှအထိ သက်ဆိုးရှည်နေဦးမည် မသိသော်လည်း ရန်ကုန်၏ လှုပ်ရှားမှုအစုစုက ပြန်လည်နိုးထရန်အားယူနေပြီဖြစ်သည်။ လမ်းဘေးဈေးသည်မှသည် ဆိုင်ခန်းကြီးငယ်များ ပြန်လည်ဖွင့်လှစ်လာကြပြီဖြစ်သည်။ YBS အသုံးပြုနေသော မြို့တွင်းခရီးသွားလာမှုက တစ်နေ့တခြား မြင့်တက်လာနေသည်။ လုပ်ငန်းခွင်နှင့် စားသောက်ဆိုင်၊ လက်ဖက် ရည်ဆိုင်ကြီးအချို့မှာ ကျန်းမာရေးအရ စစ်ဆေးမှုခံယူနိုင်ရန် ပြင်ဆင်ကြလျက်ရှိသည်။ အကြောင်းကြောင်းအဖုံဖုံကြောင့် နေအိမ်ပြင်ပ ထွက်ခွာသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်ဆိုင်ရာ အချက်အလက်များကို အလေး ထားလိုက်နာရန် ပိုမိုလိုအပ်လာမည်ဖြစ်သည့် အပြင် မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် ဒေသဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများသည် ကိုဗစ်ဆိုင်ရာ ကျန်းမာရေးအသိပေးမှုများကို ထပ်ခါတလဲလဲ အသိပေးနေသင့်သည်။ သို့မှသာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို လျှော့ချရပ်တန့် နိုင်မည်ဖြစ်သည်။

 

ပြန်လည်သက်ဝင်လှုပ်ရှားလာ

 

အချုပ်အားဖြင့် တင်ပြရလျှင် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ မြို့ကြီးများနည်းတူ ရန်ကုန်မြို့တော်ကြီးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်အသီးသီးကြောင့် မကြာခင်မှာ ပြန်လည်သက်ဝင်လှုပ်ရှားလာတော့မည် ဖြစ်သည်။ လူတန်စားအသီးသီး သွားလာရုန်း ကန်ကြရမည့် ရန်ကုန်မြို့ပြတွင် ကျန်းမာရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များက ထုတ်ပြန်ထားသော တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာ၍ နေထိုင်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်အသုံးပြုခြင်း၊ လူအများနှင့် ဆက်ဆံသူများအနေဖြင့် မျက်နှာအကာများပါ တွဲဖက်တပ်ဆင်ခြင်းတို့ဖြင့် နိုင်ငံသူနိုင်ငံသား၊ မြို့သူ မြို့သားအပေါင်း၏ ကိုဗစ် - ၁၉ ကူးစက် ဖြစ်ပွားမှုကို လျှော့ချရပ်တန့်နိုင်မည်ဖြစ်ပါ ကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။ ။

 

ရှင်နော်၊ ဓာတ်ပုံ- အာကာစိုး