ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အမည်စာရင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနှင့်အညီသာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြန်လည်ပြင်ဆင် ဖွဲ့စည်းရန် မရှိကြောင်း ဦးအောင်မြင့် ပြောကြား

နေပြည်တော် ၂၂ မေ

 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့် ဖွဲ့စည်းရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၉(ခ)ပါ ကော်မရှင်၏ တာဝန်များအရ လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀(ဂ)ပါ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအရလည်းကောင်း ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အမည်စာရင်းနှင့် စပ်လျဉ်း၍ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် မရှိကြောင်း ပြည်ထောင်စု ရွေးကော်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ပြောသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး  “ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အမည်စာရင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြန်လည်ပေးပို့လာသည့် အမည်စာရင်းတွင် အဖွဲ့ဝင် ၂ ဦး အမည်စာရင်း လွဲမှားနေသဖြင့် ပြန်လည် ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ မေးမြန်းမှုကို ဦးအောင်မြင့်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က “ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့် ဖွဲ့စည်းရာတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၉(ခ)ပါ ကော်မရှင်၏ တာဝန်များအရလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၁၀(ဂ)ပါ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ အရလည်းကောင်း ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မေးခွန်းတွင် ဖော်ပြပါရှိသော သက်ဆိုင်ရာမြို့နယ်မှ တင်ပြသည့် စာရင်းအတိုင်း ကော်မရှင်မှ ဖွဲ့စည်းပေးရမည်ဟု ဥပဒေပြဋ္ဌာန်းချက် မရှိပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေနှင့် အညီသာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ ဖွဲ့စည်းခြင်းသည် လွဲမှားခြင်း တစ်စုံတစ်ရာ မရှိပါကြောင်းနှင့်  ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် မရှိပါကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

 

MDN