ပေါက်ခေါင်းမြို့နယ်မှ ကျန်ရှိသည့် ရောဂါပိုးကူးစက်ခံ မိသားစုဝင်များကို မိခင်ဖြစ်သူ၏ဆန္ဒအရ ရန်ကုန်ဝေဘာဂီသို့ ပြောင်းရွှေ့ကုသမှုခံယူမည်

နေပြည်တော်  ၈ ဧပြီ

 

ပေါက်ခေါင်းမြို့နယ်တွင် ကျန်ရှိသည့် ရောဂါပိုးကူးစက်ခံ မိသားစုဝင်များကို မိခင်ဖြစ်သူ၏ဆန္ဒအရ ပြည်ဆေးရုံမှ ရန်ကုန်မြို့ရှိ ဝေဘာဂီဆေးရုံသို့ ပြောင်းရွှေ့ကုသမှုခံယူရန် ယနေ့(ဧပြီ ၈ ရက်)တွင် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပြီး Transfer လုပ်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

 

ထို့သို့ Transfer ပြုလုပ်ပေးခြင်းနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အခု လူမှုကွန်ရက်မှာ တင်ထားတဲ့အတိုင်း ကျန်ရစ်တဲ့မိသားစုဝင်တွေကို ဝေဘာဂီကိုပို့ပေးဖို့ မိခင်ဖြစ်သူရဲ့ဆန္ဒနဲ့ တောင်းဆိုမှုတွေ တွေ့ရှိရပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ဆေးရုံမှာ တက်ရောက်နေတဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်၊ ခရီးသွားဖို့ ခွင့်ပြုနိုင်တယ်ဆိုရင် လူမှုရေးရှုထောင့်အရ သူ့အမေ တက်ရောက်ကုသနေတဲ့ ဝေဘာဂီဆေးရုံကို Transfer လုပ်ပေးဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ညွှန်ကြားခဲ့ပါတယ်” ဟု ပြောသည်။

 

“ကျန်းမာရေး တာဝန်ရှိသူတွေ အခုစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ကလေး(၂)ဦးရော၊ တူမဖြစ်သူရော ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ လူနာတင်ကား အသင့်ပြင်ထားပြီး သူနာပြုအစောင့်အရှောက်နဲ့ လိုအပ်တာတွေ ပြင်ဆင်ထားပါတယ်။ မမှောင်ခင်မောင်းနိုင်ဖို့အတွက် ခဏနေ(ယနေ့ မွန်းလွဲပိုင်းတွင်) ရန်ကုန်ကို စတင်ထွက်ခွာမှာ ဖြစ်ပါတယ်။ ဒီကနေ့(ဧပြီ ၈ ရက်) ညဦးပိုင်းလောက် ရန်ကုန်မြို့ ဝေဘာဂီဆေးရုံကို ရောက်ရှိမှာဖြစ်ကြောင်း သိရှိရပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

 

ထက်လျှံ