ပေါက်မြို့နယ် သရက္ကန်ကျေးရွာအနီး ရေနံမှော်၌ တစ်ရက်တည်း ရေနံတွင်းမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့

ပေါက် ၂၉ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် သရက္ကန်ကျေးရွာအနီး ရေနံမှော်၌ တစ်ရက်တည်း ရေနံတွင်းမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

5035

 

ဖြစ်စဉ်မှာ ပေါက်မြို့နယ် သရက္ကန်ကျေးရွာအနီး တရားမဝင် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်း ဧရိယာအတွင်း၌ ယမန်နေ့ ညနေ ၅ နာရီခန့်က သရက္ကန်ကျေးရွာနေ မြေပိုင်ရှင် ဒေါ်စောလှ မြေနေရာကို ငှားရမ်းလုပ်ကိုင်နေသော ရေနံကျင်းပိုင်ရှင် ဦးအောင်ကျော်မိုး ကွတ်ခိုင်မြို့နယ်နေသူသည် ညရေနံကျင်း မီးအလင်းရောင်ရရှိစေရန် အင်ဂျင်စက်နိုးရာမှ မီးပွားများလွင့်ထွက်ကာ အနီးနားရှိ တူးဖော်လက်စရေနံကျင်းမှ ရေနံနှင့်ဂက်(စ်)များနှင့် ထိတွေ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ 

 

47733

 

မီးလောင်မှုဖြစ်ပွားရာသို့ ပေါက်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေခါးကျေးရွာ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ်များ၊ အမြှုပ်ဆေးဘူးများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။ 

ထို့အတူ ဒီဇင်ဘာ ၂၈ ရက် နံနက် ၃ နာရီခွဲခန့်က အဆိုပါ ကျေးရွာအနီးရှိ တရားမဝင် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်း ဧရိယာအတွင်း၌ သရက္ကန်ကျေးရွာနေ မြေပိုင်ရှင် ဦးသန်းမြင့်မြေနေရာကို ငှားရမ်းလုပ်ကိုင်နေသော ရေနံကျင်းပိုင်ရှင် ဦးဇော်မင်း၏ ရေနံတွင်းတွင် အလုပ်လုပ်နေသော ရေနံလုပ်သား ဦးစန်းလင်းအောင်နှင့် ဦးမောင်ဦး ကျောက်တန်းကျေးရွာ နေသူတို့နှစ်ဦး မီးမွှေးလှုံ့ရာမှ အနီးအနားရှိ တူးဖော်လက်စ ရေနံကျင်းမှ ရေနံနှင့်ဂက်(စ်)များနှင့်ထိတွေ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားကာ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်တို့ရှိ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ မီးပေါ့ဆစွာသုံးစွဲသူ ဦးအောင်ကျော်မိုး၊ ဦးစန်းလင်းအောင်နှင့် ဦးမောင်ဦးတို့အား ရေပြာနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဉာဏ်တိုး(ပေါက်)