ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း၊ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦးနှင့် ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ

နေပြည်တော်  ၈  ဇွန်  
    

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ လက်ပံတိုရေနံမြေအတွင်းရှိ သရက္ကန်ကျေးရွာတွင် ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေနှင့်ဆန့်ကျင်၍ ရေနံ ထုတ်လုပ်ခြင်းနှင့် ရေနံ တူးဖော်ခြင်းလုပ်ငန်းလိုင်စင်မရှိဘဲ ရေနံတူးဖော်နေသူများ၊ ပေါက်မြို့နယ်မှ မုံရွာမြို့နယ်သို့ သယ်ယူပို့ဆောင်ခွင့် မျှောစာမရှိဘဲ တရားမဝင် ရေနံတူးဖော်/ သယ်ဆောင်နေသူများထံမှ ကျေးရွာဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ ငွေကြေးကောက်ခံရယူခဲ့သည့် ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဝန်ထမ်းများအား အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
    

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် သရက္ကန်၊ လယ်အို၊ လက်ပံတို ဒေသများရှိ တရားမဝင် ရေနံချက်ဖိုများမှ ငွေကြေးကောက်ခံရန် တရားမဝင် ညှိနှိုင်း ဆွေးနွေးခြင်း၊ သရက္ကန်ကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေမှ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်းသည် ငွေကျပ် ၈၈,၅၀,ဝ၀ဝိ/ကိုလည်းကောင်း၊ ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းရွှေ (ယခု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး) သည် ငွေကျပ် ၁၇,၆၀,ဝ၀ဝိ/- ကိုလည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦး သည် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်စဉ် ငွေကျပ် ၇၇၁,၄၉,၈၀ဝိ/- ကို လည်းကောင်း၊ ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ်သန်းဇော်(ယခု မှုခင်းရဲတပ်ဖွဲ့မှူးရုံး၊ နေပြည်တော်)သည် ငွေကျပ် ၄,၅၀,ဝ၀ဝိ/- ကိုလည်းကောင်း အကြိမ်ကြိမ်ခွဲ၍ ရယူခဲ့ခြင်း သည် လုပ်ပိုင်ခွင့်အာဏာရှိသူက ရာထူးတာဝန်ကိုအလွဲသုံးစားပြု၍ တံစိုးလက်ဆောင်အဖြစ် ငွေကြေးများ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း၊ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ၊ ကျေးရွာအုပ်ချုပ်ရေး မှူးဟောင်း ဦးဇော်မင်းဦးနှင့် ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့မ ရဲစခန်းတွင် ဇွန် - ၇ ရက်၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။


(သတင်းစဉ်)