ပေါင်မြို့နယ်ရှိ ကျောက်မိုင်းတစ်ခုတွင် wheel loader တစ်စီး ချောက်ထဲထိုးကျပြီး ယာဉ်မောင်းသေဆုံး

ပေါင်  ၁၈    ဒီဇင်ဘာ

 

 

မွန်ပြည်နယ် ပေါင်မြို့နယ် မိုးနိုင်းရပ် ကျောက်မိုင်းတစ်ခုတွင် ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီက  wheel loader တစ်စီး ချောက်ထဲထိုးကျခဲ့ပြီး ယာဉ်မောင်းသေဆုံးခဲ့ကြောင်း သိရသည်။

 

"ဝုန်းကနဲကျသံကိုတစ်ချက် ကြားလိုက်တာနဲ့ ကြည့်လိုက်တော့ wheel loader ကားထိုးကျသွားတာ မြင်လိုက်ရတယ်။ ကျွန်တော်လည်း နီးစပ်ရာကိုဖုန်းဆက်ပြီး အကြောင်းကြားလိုက်တယ်။ မြင်လိုက်ရတာကတော့ ကားမောင်းသူက သေဆုံးသွားပါပြီ"ဟု စက်ပြင်ဆရာကိုမိုးဆွေက ပြောသည်။

 

4

 

သေဆုံးသူမှာ စက်ကြီးယန္တရားယာဉ်မောင်း ကိုလင်းလင်း (၃၇)နှစ် မိုးနိုင်းရပ်ကွက်နေ မိုင်းလုပ်သားဖြစ်သည် ဟုသိရသည်။

 

အခင်းဖြစ်ပွားခဲ့သော ကျောက်မိုင်းမှာ မဟာအောင်ပွင့်ကောင်း ကျောက်မိုင်းဖြစ်ပြီး ၎င်းယာဉ်မှာ လွန်ခဲ့သော ၃ ရက်ခန့်တည်းက စက်ချွတ်ယွင်းပြီး တောင်စောင်းတွင် ရပ်ထားခဲ့ကာ ယနေ့ညနေမှ ဟိုက်ဒေါလစ်ပြင်ဆင်၍ ပြန်လည်မောင်းချခဲ့ရာမှ ယခုလိုဖြစ်ခဲ့သည်ဟု သိရှိသူများကဆိုသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပေါင်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

ဇင်မျိုးသူ