ပေါ်တိုရီကို နိုင်ငံတွင် ပြုလုပ်မည့် MISS IMPERIAL UNIVERSE 2018 သို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ရွေးချယ်ပွဲ ကျင်းပ

ရန်ကုန် ၂ ဖေဖော်ဝါရီ

 

ပေါ်တိုရီကိုနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Miss Imperial Universe 2018 သို့  မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် စေလွှတ်ယှဉ်ပြိုင်မည့် အရည်အချင်းပြည့်ဝပြီး၊ သွက်လက်ထက်မြတ်လှပသော အမျိုးသမီးငယ်များကို ရွေးချယ်သွာရန်အတွက် ဖေဖော်ဝါရီလ (၄) ရက်နေ့  နံနက် (၈) နာရီတွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Mcc ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

 

အဆိုပါပွဲကြီးကို ယှဉ်ပြိုင်မည် အမျိုးသမီးငယ်များကိုလည်း ဇန်နဝါရီလမှ စတင်ကာ စိစစ်ရွေးချယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

"ကျွန်တော်တို့ နိုင်ငံအနေနဲ့ဆိုရင် ဒီပွဲက ပထမဆုံးအကြိမ် ကျင်းပတဲ့ပွဲပါ၊ ကျွန်တော်တို့  နိုင်ငံမှာရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ အမျိုးသမီးငယ်များစွာကို ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်၊ သူတို့ကို သေချာလေ့လာသင်ကြား ပေးခဲ့ပါတယ်။ အားလုံး(၂၇) ယောက်ကို ကျွန်တော်တို့ အခုဆို ရွေးချယ်ထားပါတယ်။ အဲ့ထဲကနေ (၁) ဦးကို စေလွှတ်ဖို့ ရွေးချယ်မှာပါ။ အဓိက ဒီပွဲကိုပြိုင်ဖို့ စေလွှတ်ရတာတော့ ဥရောပနိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးမှုတွေ ပိုမိုရရှိစေချင်တဲ့ သဘောပါ၊ အခုလည်း ကျွန်တော်တို့ ဒီအမျိုးသမီးငယ်လေးတွေကို ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့စရိုက်တွေ လူမှုရေး လုပ်ငန်းတွေကအစ အားလုံး လေ့လာသင်ကြားပေးခဲ့ပါတယ်" ဟု Myanmar Male Pageant Acadeamy မှာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

ပြည်တွင်း၌ ပြုလုပ်မည့် ပြိုင်ပွဲအတွက် ရွေးချယ်ထားသော အမျိုးသမီးငယ် (၂၇) ယောက်ထဲမှ အရည်အချင်း ပြည့်ဝသူများကို  ဆုများပေးအပ် ရွေးချယ်ရာတွင် ဆုအမျိုးသမီးအစား (၁၅) ခု သတ်မှတ်ရွေးချယ်မည်ဖြစ်ပြီး၊ Winner ဆု အတွက် အမေရိကန်ဒေါ်လာ (၁၀ဝ၀) နှင့် ပေါ်တိုရီကို  နိုင်ငံတွင်ပြုလုပ်မည့် Miss Imperial Universe 2018 သို့  စေလွှတ်မည်ဖြစ်ကြောင်း၊ တစ်ခြားဆုများ အနေဖြင့် ပြိုင်ပွဲအတွင် အကောင်းဆုံးယှဉ်ပြိုင်မှု၊ ပြောဆိုဆက်ဆံမှု၊ ဝတ်စားဆင်ယှဉ်မှုနှင့် အခြားဆုများလည်း ပေးအပ်သွားမည်ဟု သိရသည်။

 

ကိုလင်း