ဖားဆောင်းမြို့ရှိ မယ်ထောက်နွန်း သဘာဝလိုဏ်ဂူအား ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်မည်

ဖားဆောင်း၊  ၂၅  ဇန်နဝါရီ   

 

ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက် လေ့လာ လည်ပတ်နိုင်ရန်အတွက် ကယားပြည်နယ် ဒေသဆိုင်ရာ ခရီးသွားကော်မတီအဖွဲ့ဝင်များ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ (DMO)အဖွဲ့ဝင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း (ကယားဇုန်)အဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာလအလွန် ခရီးသွားများ လေ့လာလည်ပတ်နိုင်ရန် ကယားပြည်နယ် ဖားဆောင်းမြို့နယ် နန်းကစ်ကျေးရွာရှိ မယ်ထောက်နွန်း သဘာဝ လိုဏ်ဂူအား ခရီးစဉ်ဒေသသစ်တစ်ခု ဖြစ်ပေါ်လာရေး ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ်က ပြောပြသည်။

 

"မယ်ထောက်နွန်း သဘာဝလိုဏ်ဂူဟာ လွိုင်ကော်ကနေ လာမယ်ဆိုရင် ဖားဆောင်းကို ၁ နာရီခွဲ ၂ နာရီလောက် လာရမယ်။ ဖားဆောင်း မရောက်ခင် ပါပု - နန်းကစ် လမ်းခွဲကနေ ဝင်လာမယ်ဆိုရင် ၄ မိုင်ခန့် အကွာမှာ ရှိပါတယ်။ မယ်ထောက်နွန်း သဘာဝလိုဏ်ဂူဟာဆိုရင် တကယ့်ကို သဘာဝအလှအပတွေ မပျက်မစီးတည်ရှိနေပြီးတော့ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေအတွက် ခရီးစဉ်ဒေသသစ်တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့်မို့ လာရောက် ကွင်းဆင်းခြင်း ဖြစ်ပါတယ်။ မယ်ထောက်နွန်း သဘာဝလိုဏ်ဂူကို ကြည့်ရှုလေ့လာရာမှာ ဂူထိပ်ကနေ အဆုံးထိ ပေ ၆၀၀ နီးပါးလောက်ရှိပါတယ်။ အကျယ်အဝန်းကလည်း အနည်းဆုံးအကျယ် ပေ ၆၀ ကနေ ပေ ၁၀၀ ကြားရှိပြီး လျှပ်စစ်မီးလည်း ထွန်းထားတဲ့အတွက် သွားရလာရလည်း လွယ်ကူပါတယ်။ သဘာဝအလှတွေ လုံးဝ မပျက်စီးသေးဘဲနဲ့ သဘာဝ ကျောက်စက်ပန်းဆွဲတွေ၊ သဘာဝ ကျောက်စက်ရေတွေ ကျနေတဲ့နေရာတွေလည်း တွေ့ရပါတယ်။ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေလည်း နှစ်ခြိုက်မယ်လို့ ယုံကြည်ပါတယ်။ ဒီမှာ တစ်ခုရှိတာက ပါပုနန်းကစ်ကနေ ဝင်လာတဲ့ ၄ မိုင်ခန့်က မြေသားလမ်းပဲ ရှိသေးတော့ ဒါကို လမ်းခင်းဖို့ ကျန်မယ်။  ခရီးသွားလုပ်ငန်း လုပ်ခြင်းအားဖြင့် ပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံတွေအတွက် ခရီးသွားတွေ လာမယ်ဆိုရင်  လူမှုစီးပွားဘဝတွေ တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ဦးလင်းဇော်ထွဋ်က ပြောပြသည်။

 

ဖားဆောင်းမြို့နယ်၌ မယ်ထောက်နွန်း သဘာဝလိုဏ်ဂူကြောင့် သဘာဝအခြေခံ ခရီးသွားလုပ်နိုင်သော Eco- Tourism ဆိုဒ် တစ်ခုလည်း ရမှာဖြစ်ပြီး မယ်ထောက်နွန်း သဘာဝလိုဏ်ဂူမှ ဆက်ဆင်းသွားမည်ဆိုလျှင် ရွာသစ်၌ နှစ် ၁၀၀ ကျော် သက်တမ်းရှိ ဘုန်းကြီးကျောင်း၊ ရှေးဟောင်းဆင်စွယ်ကြီး နှစ်ချောင်းရှိသည့်အတွက် ဆင်စွယ်ကျောင်းဟု ခေါ်ကြသည်။ ဘုရား ဆင်းတုတော်များ ထုဆစ်ထားသည်ကို အံ့မခန်း တွေ့ရမည်ဖြစ်ပြီး ဝိုဟရေတံခွန်နှင့် သံလွင်မြစ်ကမ်းအလှများကိုလည်း သွားရောက်လေ့လာနိုင်မည် ဖြစ်သည်။

 

ကိုစိုင်း(လွိုင်ကော်)