ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်၍  လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများအား တပ်မတော်မှ အရေးယူ

နေပြည်တော် ၆ ဇူလိုင်

 

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများအား တပ်မတော်မှ အရေးယူထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။

 

ယင်းသတင်းထုတ်ပြန်ချက်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂ ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်လုပ်ကွက်၌ မြေသားပြိုကျမှုကြောင့် ကျောက်ရှာဖွေသူ ၁၇၂ ဦး သေဆုံး၊ ၅၄ ဦး ဒဏ်ရာရရှိပြီး ပျောက်ဆုံးနေသူများကိုလည်း ဆက်လက် ရှာဖွေလျက်ရှိကြောင်း။

 

အဆိုပါဖြစ်စဉ်ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ဇူလိုင် ၃ ရက်ကပင် လုံခြုံရေးဆိုင်ရာ အဓိက တာဝန်ရှိသည့် တပ်မှူးတစ်ဦးအားလည်းကောင်း၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးအားလည်းကောင်း မူလစစ်ဘက် တာဝန်များအား ပြန်လည်ထမ်းဆောင်စေကာ လိုအပ်သည့် အရေးယူ ဆောင်ရွက်နိုင်ရေး တပ်မတော်မှ ဆောင်ရွက်လျက်ရှိပြီး လစ်လပ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး နေရာအတွက် အစားထိုး ခန့်အပ်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

 

သတင်းစဉ်