ဖားကန့်မြို့နယ်အတွင်း လူနာသစ်(၂၀) ထပ်မံတွေ့ရှိ၊  ကချင်ပြည်နယ်အတွင်း Covid-19 ရောဂါပိုးတွေ့လူနာ (၃၅၀)ကျော် ဖြစ်လာ

မြစ်ကြီးနား၊   ၁၀   ဒီဇင်ဘာ

ကချင်ပြည်နယ်အတွင်း Covid-19 ရောဂါဖြစ်ပွားမှုမှာ ယခင်က ဒေသတွင်း ကူးစက်မှုမရှိဘဲ တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ဝင်ရောက်ခဲ့မှုကြောင့်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ အပြောင်းအရွှေ့ဖြင့် ရောက်ရှိလာမှုများမှ ရောဂါပိုးတွေ့ရှိခဲ့သည်။ ယခုအခါ ဒေသတွင်း အနံ့ ပျောက်သူများအား စစ်ဆေးရာမှ ဒေသတွင်းကူးစက်မှုမျာအား တွေ့ရှိလာရကြောင်း ကချင်ပြည်နယ် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးတင့်နိုင်ထံမှ သိရသည်။

ကချင်ပြည်နယ်အတွင်း ဒေသတွင်းကူးစက်မှုဖြစ်ပွားရာတွင် ဒီဇင်ဘာ ၉ ရက် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ဖားကန့်မြို့နယ်အတွင်း ပိုးတွေ့လူနာသစ်(၂၀) ထပ်မံတွေ့ရှိခဲ့ပြီး မိုးညှင်းမြို့နယ်တွင် ပိုးတွေ့လူနာသစ် တစ်ဦး ထပ်မံတွေ့ရှိခဲ့သည်။ ကချင်ပြည်နယ်အတွင်း မြို့နယ်()ခုတွင် Covid-19 ရောဂါပိုးတွေ့လူနာ (၃၅၃)ဦးအထိ ဖြစ်ပွားလျက်ရှိကာ (၂၁၂)ဦး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းပေးနိုင်ခဲ့ပြီ ဖြစ်သည်။

ဖားကန့်မြို့နယ်အတွင်း ရောဂါကူးစက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ဖားကန့်မြို့နယ်မှာ ပိုးတွေ့လူတနာ (၂၀၀)ကျော် သွားပြီဖြစ်ပါတယ်။ ဖားကန့်က လူဦးရေထူထပ်တယ်။ အိမ်ခြေကလည်း စိတ်တယ်။ စဖြစ်တာကတော့ တောင်ပြိုမှော်ကပါ။ နောက်တော့ လုံးခင်း၊ အခုနောက်ပိုင်း တွေ့ရတာတွေက ဆိပ်မူကဖြစ်ပါတယ်။ အနံ့ပျောက်သူ တွေကို စစ်ဆေးရာမှာ တွေ့နေရတာ ဖြစ်ပါတယ်ဟု ကချင်ပြည်နယ် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးတင့်နိုင်က  ပြောသည်။

ကချင်ပြည်နယ်အတွင်း ရောဂါပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ဦးဆောင်ကာ အမြို့မြို့အနယ်နယ်တွင် နေအိမ်ပြင်ပသို့ သွားလာခြင်းအား မဖြစ်မနေမှ သွားလာရေး၊ နှာခေါင်းစည်း Mask များ တပ်ဆင်ရေးနှင့် မကြာခဏ လက်ဆေးခြင်းကို ဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်း များကို ဆောင်ရွက်လျက်ရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)