ဖားကန့်မြို့နယ်၌ တောင်ကမ်းပါးယံပြိုကျ၍ ကုမ္ပဏီဝန်ထမ်း ၁၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၃  ဦး သေဆုံးကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရ

ဖားကန့်   ၂၈  ဇူလိုင်

 


ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ယနေ့နံနက်ပိုင်းက ဆိပ်မူကျေးရွာအုပ်စု၊ ကရင်ချောင်ကျေးရွာအနီးရှိ စိန်လုံတောင်ကမ်းပါးယံ ပြိုကျခဲ့မှုကြောင့် ကုမ္ပဏီဝန်ထမ်း ၁၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 


ဖြစ်စဉ်မှာ ယနေ့ နံနက် ၂ နာရီခန့်က ဖားကန့်မြို့နယ်၊ ကရင်ချောင်ကျေးရွာအနီးရှိ ဒေသအခေါ် (စိန်လုံတောင်ကြော)မှ တောင်ကမ်းပါးယံ ပြိုကျခဲ့၍ ရာဇဌာနီ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီဝန်ထမ်း ၁၅ ဦးနှင့် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် သုံးဦး မြေစာပိ၍ သေဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိသဖြင့် ဖားကန့်မြို့နယ် ပြည့်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသလျက်ရှိကြောင်း သိရသည်။

 


ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ဝင်းနိုင်(ကချင်မြေ)