ဖားကန့်၌ ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူနှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ၊ ပျောက်ဆုံးသူအတိအကျ မသိရသေး

ဖားကန့် ၂၃ ဇွန်

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာနှင့်ဘွမ်နန်ကျေးရွာ ကြားရှိ ရတနာအဓိပတိကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဧရိယာအတွင်း ဇွန်လ ၂၃ ရက် ညနေ ၄ နာရီခန့်က  ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ပျောက်ဆုံးနေသူများ၏စာရင်းအား အတိအကျမသိရသေးကြောင်း သိရသည်။

 

ကုမ္ပဏီ၏လုပ်ကွက်အတွင်း အမြင့်ပေ ၃၀ဝ ခန့်မှ မြေသားထု အကျယ်ပေ ၁၅၀ ခန့်က အောက်ခြေရှိရေကန်အတွင်းသို့ ပြိုကျခဲ့ရာ မြေစာနှင့်ရေလိုင်းရိုက်ခတ်မှုကြောင့် အောက်ခြေရေကန် နှင့်အနီးနေရာများတွင် ရေမဆေးကျောက်ရှာဖွေနေကြသူများအား ထိခိုက်မိခဲ့ပြီး သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ရာ နှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ကနဦးသတင်းများအရ သိရသည်။

 

မြေစာနှင့်ရေလှိုင်းရိုက်ခတ်မှုကြောင့် ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၄)တွင် နေထိုင်သူများဖြစ်သည့် ဦးနော်တောင်(၄၅)နှစ်နှင့် ဦးမြင့်နိုင်(၆၀)နှစ်တို့ သေဆုံးခဲ့ရပြီး ရေကန်အတွင်းနှင့် မြေစာများအောက် ဖုံးအုပ်နစ်မြုပ်သူများရှိ/မရှိကိုမူ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက ရှာဖွေလျက်ရှိနေကြောင်း သိရသည်။

 

တာလင်းမောင်(ပြန်/ဆက်)