ဖားကန့်၌ မြေစာပုံနှစ်နေရာပြိုကျ၍ ဘက်ဟိုးနှစ်စီးနှင့် လူတစ်ဦးပျောက်ဆုံး

ဖားကန့် ၁၉ ဇန်နဝါရီ 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကောင်ဆန်ကျေးရွာအနီးရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်၌ ဇန်နဝါရီ ၁၈ ရက် ညပိုင်းက မြေစာပုံနှစ်နေရာပြိုကျခဲ့၍ ဘက်ဟိုးနှစ်စီးနှင့် လူတစ်ဦးပျောက်ဆုံးနေကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

8349

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၈ ရက်၊ ည ၈ နာရီ ၄၅ မိနစ်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ကောင်ဆန်ကျေးရွာအနီးရှိ "ဆိုင်းအင်ဝမ်း" ကျောက်မျက်တူးဖော်ရေး လုပ်ကွက်အတွင်းသို့ အထက်ဘက်ရှိ သက်တမ်းကုန် လုပ်ကွက်ဟောင်းတစ်ခုမှ အမြင့်ပေ ၅၀၀၊ အကျယ်ပေ ၂၀၀ ရှိ ကျောက်ကြောမြေစာများနှင့် ၎င်း၏ဘေး ပေတစ်ရာခန်အကွာမှ အမြင့်ပေ ၅၀၀၊ အကျယ်ပေ ၁၀၀ ရှိ ကျောက်ကြောမြေစာများ ပြိုကျခဲ့မှုကြောင့် "ဆိုင်းအင်ဝမ်း" ကုမ္ပဏီမှ ဘက်ဟိုးယာဉ်နှစ်စီးနှင့်အတူ ယာဉ်မောင်းဖြစ်သူ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဖအိုင်းကျေးရွာနေ မောင်နေအောင် (၂၃)နှစ်မှာ မြေစာများနစ်မြုပ်ပျောက်ဆုံးခဲ့သည်။

 

969

 

မြေစာများနစ်မြုပ်ပျောက်ဆုံးနေသည့် မောင်နေအောင်အား "ဆိုင်းအင်ဝမ်း" ကုမ္ပဏီမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆိပ်မူကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ သင်္ခါလူမှုကူညီရေး အသင်းဝင်များမှ ဘက်ဟိုးယာဉ်(၇)စီး၊ မြေသယ်ယာဉ်(၈)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)