ဖားကန့်နှင့်ခင်ဦးမြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ၂၁  ဧပြီ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၀ ရက် ည ၉ နာရီတွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းအောင်ကျေးရွာ၊ ဆိပ်မူ-ဝှေခါ သွား ကားလမ်းတွင် မအေးခိုင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅,၆၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ၎င်းတို့နှင့် ကွင်းဆက်အရ ည ၉နာရီ မိနစ် ၅၀ က မကားပင်ကျေးရွာနေ မတင်စုလှိုင်၏ နေအိမ်ကိုရှာဖွေရာ ၎င်းထံမှ လက်ကိုင်ဖုန်း တစ်လုံးအားလည်းကောင်း၊ ည ၁၀နာရီခွဲတွင် ဖားကန့်မြို့နယ်၊ ဂျန်ဂါကျေးရွာလမ်းတွင် မနေခြည်နှင့် မဇင်မာထက် တို့ထံမှ မော်တော်ဆိုင်ကယ်တစ်စီး၊ မြန်မာငွေကျပ် ၆၅ သိန်းနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အားလည်းကောင်း၊ အလားတူ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ အုပ်စု၊ ကျောက်သွေးတောင် ဘုရားအနီးတွင် အားကျွင်း နှင့် ကွမ်းဖင်း တို့ထံမှ မော်တော်ဆိုင် ကယ်တစ်စီး၊ လက်ကိုင်ဖုန်းနှစ်လုံး တို့အားလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ဧပြီ ၁၉ ရက် ညနေပိုင်းက ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ခင်ဦးမြို့၊ မြကန်သာရပ်ကွက်တွင် အောင်ဖြိုးသူ (ခ) ငဂျူး မောင်းနှင်၍ ဇေယျာချစ်မှိုင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေစဉ် အောင်ဖြိုးသူ (ခ) ငဂျူးမှာ ထွက်ပြေးသွားခဲ့ပြီး ဇေယျာချစ်မှိုင်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၆၁ ၊ ဘိန်းဖြူ သုည ဒသမ ၀၀၅ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)