ဖားကန့်သီတဂူစက္ခုဒါနဆေးရုံ၌  တတိယအကြိမ်မြောက် မျက်စိအခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ

ဖားကန့် ၁၀ ဇန်နဝါရီ

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ သီတဂူစက္ခုဒါနဆေးရုံ၌ မျက်စိဝေဒနာသည်များအား တတိယအကြိမ်မြောက် အခမဲ့ဆေးကုသမှုများအား ဇန်နဝါရီ(၉)ရက်မှစတင်ကာ (၁၃)ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

စက္ခုဒါန နယ်လှည့်ကုသိုလ်ပြု ဆေးကုသရေးအစီအစဉ်တွင် ဒေါက်တာမြအောင်ဦးဆောင်သည့် မျက်စိအထူးကု ဆရာဝန်ကြီးများ၊ အထွေထွေရောဂါကုဆရာဝန်များနှင့် သူနာပြုများပါဝင်ပြီး ဖားကန့်ရှိ ရှေ့တန်းတပ်မမှ တပ်မတော်ဆေးကုသရေးအဖွဲ့များ၊ ဒေသခံ လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းပံ့ပိုးကူညီပေးလျက်ရှိသည်။

 

မျက်စိဝေဒနာကုသမှုခံယူကြသူများတွင် ဖားကန့်မြို့နယ်အတွင်းသာမက အင်းတော်ကြီး ရပ်ဝန်းဒေသနှင့် တနိုင်း-မြစ်ကြီးနား လီဒိုလမ်းကြောမှ ပြည်သူများလည်း လာရောက်ကြကြောင်း သိရသည်။

 

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရသည် ယမန်နေ့ညနေပိုင်းက ဖားကန့်သီတဂူ စက္ခုဒါနဆေးရုံသို့ ရောက်ရှိလာရာ ရှေ့တန်းတပ်မမှ တပ်မမှူး ဗိုလ်မှူးကြီး ဇော်မျိုးဝင်း၊ ရဲမှူးကြီး သန်းထိုက်စိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် ဌာနဆိုင်ရာများ၊ သီတဂူ စက္ခုဒါန ဆေးရုံအကျိုးတော်ဆောင်အဖွဲ့များ၊ တိုင်းရင်းသားရိုးရာ စာပေနှင့်ယာဉ်ကျေးမှုကော်မတီ အဖွဲ့များ၊ ကျောက်မျက်လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိ/ရပ်ဖများက ဦးခိုက်ကြိုဆိုခဲ့ကြပြီး ဆရာတော်ကြီးက မျက်စိဝေဒနာသည်များအား စစ်ဆေးကုသနေမှုများကို ကြည့်ရှုခဲ့သည်။

 

mdn

 

ဖားကန့်သီတဂူစက္ခုဒါနဆေးရုံကို ၂၀၁၇ ဇန်နဝါရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ စမ်းသပ်စစ်ဆေးပေးခဲ့သည့် လူနာပေါင်း(၆၉၄၉)ဦး၊ ခွဲစိတ်ကုသပေးသည့် လူနာပေါင်း(၆၈၇)ဦး ရှိခဲ့သည်။

 

ကချင်ပြည်နယ်အတွင်း၌ သီတဂူစက္ခုဒါနဆေးရုံများအဖြစ် ဖားကန့်၊ မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့တွင်ရှိပြီး ဖားကန့်မြို့အတွက် ယခုအကြိမ်သည် တတိယအကြိမ်မြောက်အဖြစ် ပြည်သူများအား စက္ခုဒါနဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

မျက်စိဝေဒနာလာရောက်ကုသသူများနှင့် လိုက်ပါကူညီဆောင်ရွက်ပေးသူများ အခက်အခဲ မဖြစ်စေရေးအတွက် စတုဒိသာ ထမင်းကျွေးခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိပြီး သီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရမှ တရားနာယူလိုသူများအတွက် လွတ်လပ်ရေး ကျောက်တိုင်ကွင်း အတွင်း ဇန်နဝါရီ ၁၃ ရက် ညချမ်းတွင် တရားဓမ္မဒေသနာများ ဟောကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 

တာလင်းမောင်(ပြန်/ဆက်)