ဖာမီနိုနဲ့ ဆာလာတို့ရဲ့ သွင်းဂိုးတွေနဲ့ အင်တာမီလန်ကို လီဗာပူးအနိုင်ရ

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်တာမီလန်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက အင်တာမီလန် အသင်းရဲ့ အိမ်ကွင်းဆန်စီယို၌ ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက အင်တာမီလန်အသင်းကို နှစ်ဂိုး ပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန်အတွင်းမှာ အကြိတ်အနယ်ရှိခဲ့သလို ဘယ်အသင်းကမှ ဂိုးမသွင်း နိုင်ခဲ့ပေမယ့်လီဗာပူးအသင်းဟာ ဒုတိယပိုင်းပွဲကစား ချိန် ၇၅ မိနစ်မှာ တိုက်စစ်မှူး ဖာမီနိုရဲ့ သွင်းဂိုးနဲ့ ပွဲကစားချိန် ၈၃ မိနစ်မှာ တိုက်စစ်မှူး မိုဟာမက်ဆာလာရဲ့ သွင်းဂိုးတွေရရှိခဲ့တာကြောင့် အင်တာမီလန် အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဖာမီနိုဟာ ဒုတိယပိုင်းပွဲစချိန်မှာ ပေါ်တူဂီတိုက်စစ်မှူး ဂျိုတာရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီး အခုပွဲစဉ်မှာ တိုက်စစ်မှူး ဂျိုတာဟာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အင်တာမီလန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ခုနှစ်ပွဲမှာ ခုနှစ်ပွဲစလုံးအနိုင်ရရှိခဲ့တဲ့ မှတ်တမ်းကောင်းကိုလည်း ရရှိခဲ့တာဖြစ်ပါ တယ်။ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်တက်လှမ်းဖို့ နီးစပ်နေပြီ ဖြစ်သလို ပရီမီယာလိဂ်ပြိုင်ပွဲမှာလည်း အမှတ်ပေးဇယားအဆင့်(၂)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါ တယ်။

ဒါ့အပြင် လီဗာပူးအသင်းဟာ ဖေဖော်ဝါရီ ၂၇ ရက်မှာ ကာရာဘောင်ဖလား နောက်ဆုံးဗိုလ်လုပွဲစဉ် အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်တာမို့ ကာရာဘောင်ဖလား ချန်ပီယံဖြစ်လာဖို့လည်း နီးစပ်မှုရှိနေတာဖြစ်ပါတယ်။

ငွေကြယ်