ဖာပွန်ခရိုင်ကလေးစာပေပွဲတော်တွင် ဖာပွန်ခရိုင်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၊ လာရောက်လေ့လာသူများဖြင့် စည်ကားနေ

ဖာပွန်၁၉ ဇန်နဝါရီ

 

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဖာပွန်ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက် နာရီခွဲက ဖာပွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 

ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲတော်ကို ဇန်နဝါရီ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ရက်များတွင် ဖာပွန်ခရိုင်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၊ လာရောက်လေ့လာသူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။

 

ပြခန်းများအနေဖြင့် ရှမ်းရိုးရာယဉ်ကျေးမှုပြခန်း၊ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုပြခန်း၊ ဒေသဖွံ့ဖြိုးရေးပြခန်း၊ စာအုပ်ပြခန်းနှင့် ကလေးစာဖတ်ခန်း၊ နည်းပညာအထက်တန်း(ဘားအံ) ကျောင်းပြခန်း၊ ပညာရေးပြခန်း၊ မှုခင်းပညာပေးပြခန်း၊ စိုက်ပျိုးရေးပြခန်း၊ ကျန်းမာရေးပညာပေးပြခန်း၊ မီးသတ်ဦးစီးဌာနပြခန်း၊ သိပ္ပံနည်းပညာပြခန်းနှင့် Projector ဖြင့် စာပေဟောပြောပွဲအခန်းများတွင် လာရောက်လေ့လာသူ များပြားလျက်ရှိသည်။ ထို့အပြင် ကလေးများအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပေးပြီး ကစားနည်းများအနေဖြင့် အိမ်ဆောက်ကစားနည်း၊ အရုပ်ဆက်ကစားနည်း၊ စကားပုံဆက်ကစားနည်း၊ အာလူးကောက်ကစားနည်း၊ ခြေပူးပြေးကစားနည်း၊ ပူပေါင်းဖောက်ကစားနည်း၊ ခြင်းလုံးခတ်ကွင်းသွင်း ကစားနည်းနှင့် ခါးလှည့် ကွင်းလှည့်ကစားနည်းများတွင်လည်း ကျောင်းသား/ကျောင်းသူများနှင့် လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

 

ဖာပွန်မြို့၊ အနောက်ဘက်ကမ်းကျေးရွာနေ ဒေါ်နန်းတင်ရွှေကလည်း “ဖာပွန်ခရိုင် ကလေးစာပေပွဲတော်ကို ဒီလောက်စည်းကားစွာ ကျင်းပနိုင်မယ်လို့ မထင်မိပါဘူး။ ဒီလိုအများကြီး လာရောက်ဆင်နွှဲကြတာကို မြင်တွေ့ခဲ့ရတာ အံသြမိပါတယ်။ အဲ့ဒါအပြင် ကလေးစာပေပွဲတော်မှာ ပြသထားတဲ့ ပြခန်းတွေမှာလည်း အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် ဖာပွန်ခရိုင်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ လာရောက်လေ့လာသူများဖြင့် များပြားလျက်ရှိတာကို တွေ့ရပါတယ်။ ယခုလို ပွဲတော်ဖြစ်မြောက်အောင် စီစဉ်ကျင်းပပေးခဲ့သော တာဝန်ရှိလူကြီးမင်းများ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်”ဟု ဝမ်းသာပီတိစကား ပြောခဲ့သည်။

 

သတင်း- ကျော်ဝဏ္ဏ၊ အောင်မျိုးလွင်

ဓါတ်ပုံ- နေမျိုးလွင်၊ စိုးထက်အောင်၊ ကျော်ဝဏ္ဏ၊ အောင်မျိုးလွင်