ဖာပွန်မြို့၌ ရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်း

ဖာပွန် ၂၅ မေ 

 

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းကကြီးမှူး၍ ရှမ်းစာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအတွက် ရည်ရွယ်ပြီး နှစ်စဉ်သင်ကြားပို့ချလျက်ရှိသော ရှမ်းစာပေနှင့်ယဉ်ကျေးမ သင်တန်းဆင်းပွဲကို မေ ၂၀ ရက်က ဖာပွန်မြို့ ဝှေမှုန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။ 

 

သင်တန်းဆင်းပွဲတွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုနာယက အေးသုခကျောင်းဆရာတော် ဦးဝါရိန္ဒက ဩဝါဒမိန့်ကြားခဲ့ပြီး ဖာပွန်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းဖိုးခင်က သင်တန်းဆင်းကျောင်းသား ကျောင်းသူများအား နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင် ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များကို ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစိုင်းဖိုးခင်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဦးကျော်ညွန့်နှင့် တာဝန်ရှိသူများက ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းဆရာ ဦးစိုင်းနောင့်စိုင်းက သင်တန်းဖွင့်လှစ်ရခြင်းမှာ ရှမ်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများမပျောက်စေရန် မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်း သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

အဆိုပါသင်တန်းဆင်းပွဲတွင် အေးသုခကျောင်းဆရာတော်နှင့် ဆရာတော် သံဃာတော်များ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ သင်တန်းသား သင်တန်းသူများ၊ ဖာပွန်မြို့ရှိ ရှမ်းတိုင်းရင်းသားများနှင့် မြို့မိမြို့ဖများ စုစုပေါင်း ၁၈၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

ခရိုင်(ပြန်/ဆက်)